ကိုယ်သဘောကျတဲ့သူနဲ့ စကားပြောတဲ့ အခါ သင့်အနေနဲ့ ဘယ်က စပြီး ပြောလေ့ရှိလဲ။ သူ့ဆီက စိတ်ဝင်စားမှု ရဖို့က ကိုယ့်ဘက်က ဗျူဟာလေးတွေ သုံးမှ အဆင်ပြေမှာပါ။ လူတစ်ယောက်နဲ့ အချစ်ရေး တစ်ခု မစခင် Message Conversation လေးတွေကနေ စတင်ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်သဘောကျတဲ့ Crush နဲ့ စကားပြောတဲ့အချိန် သူ့ဘက်က ကိုယ့်ကို ပိုစိတ်ဝင်စားလာဖို့ ဘယ်လို ပြောမလဲ ဖော်ပြလိုက်ပါတယ်။

၁။ Yes, No မေးခွန်းမျိုး တွေကို ရှောင်ပါ

ဥပမာ စားပြီးပြီလား၊ နေကောင်းလား စတဲ့ စကားတွေကို ဆိုလိုတာပါ။ သူ့ကို Yes, No မေးခွန်းတွေ မေးတဲ့အခါ အင်း၊ အဲ နဲ့ပဲ ဇာတ်သိမ်းပိုင်း ရောက်သွားပါလိမ့်မယ်။

၂။ မရှက်ပါနဲ့ ၊ နည်းနည်းပါးပါး ကြူပါ

သူနဲ့ ပြောနေရင်း ကိုယ် စိတ်ဝင်စားတာကို သူသိမှာ ကြောက်ပြီး နောက်တွန့် မနေသင့်ပါဘူး။ အနည်းအကျဉ်း လောက်တော့ ကိုယ်စိတ်ဝင်စားနေတဲ့ ပုံစံ ကို သူသိဖို့ မြောင်းဖောက်ပေးရပါမယ်။ အလွန်အကြူး အထာ မပေးမိဖို့ သတိပြုပါနော်။

၃။ သူတို့ကို ချီးကျူးပါ

မြှောက်ပင့်တာမျိုး မဟုတ်ဘဲနဲ့ သူလုပ်တဲ့ ပြီးမြောက် အောင်မြင်မှုတစ်ခုကို ချီးကျူးပေးတာပါ။ လူတိုင်း စိတ်ရင်းနဲ့ ပြောတဲ့ ချီးကျူးစကားကို နှစ်သက်ကြပါတယ်။

၄။ ကိုယ့်ဘက်ကပဲ စမပြောပါနဲ့

ကိုယ့်ဘက်ကပဲ စခေါ် တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဘက်ကပဲ မေးခွန်းတွေ မေးရတာမျိုး သတိထားသင့်ပါတယ်။ သူနဲ့ ပြောနေရင်း ရုတ်တရက် ကိုယ်က မပြောတော့ဘဲ နေကြည့်ပါ။ သူတို့ဘက်က စပြောလာပါစေ။

၅။ Voice Message ပို့ပါ

သူနဲ့ ရင်းနှီးနေပြီဆိုရင် တစ်ခါတလေ Voice Message ပို့ပေးပါ။ မ အသံ၊ ကျား အသံဟာ ဆန့်ကျင်ဘက် လိင်အတွက် ဆွဲဆောင်မှု တစ်ခုဖြစ်စေပါတယ်။

၆။ သူတို့ ဝါသနာတွေကို ဦးစားပေးပြီး ပြောပါ

ဥပမာ သူက ဆိုင်ကယ် ကို စိတ်ဝင်စားတယ်ဆိုရင် ဒီအကြောင်းကို သူနဲ့ ဆွေးနွေးပါ။ ကိုယ့်ဘက်ကတော့ ဒီအကြောင်း နည်းနည်းပါးပါး လေ့လာထားသင့်ပါတယ်။ လူတစ်ယောက်က သူတု့ိ ဝါသနာ ကို ပြောရရင် အချိန်ကုန်လို့ ကုန်မှန်း မသိပါဘူး။

၇။ ၅ မိနစ်ခြား တစ်ခါ

၅ မိနစ်ခြားတစ်ခါ သူ့ကို ဘာလုပ်နေလဲ သွားမမေးပါနဲ့။ တစ်ခါတည်း Block ပါ ခံရပါလိမ့်မယ်။

၈။ နေ့တိုင်း စကားပြောဖို့

သူနဲ့ နေ့တိုင်း စကားပြောစရာမလိုပါဘူး။ သူ့ကို ကိုယ့်အကြောင်းတွေးဖို့ တစ်ရက်တန်သော် နှစ်ရက် အချိန်ပေးသင့်ပါတယ်။

၉။ အတွေး မများပါနဲ့

သူနဲ့ စကားပြောနေရင်း ဒါပြီးရင် ဘာပြောရမလဲ ဆိုပြီး စိတ်လှုပ်ရှား လွန်းတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုအမူအရာက တစ်ဘက် စကားပြောနေတဲ့သူအတွက် ရိပ်မိစရာ ဖြစ်တတ်ပါတယ်။ ကိုယ့်သူငယ်ချင်းကို ပြောသလိုပဲ ပုံမှန် အေးဆေး ပြောသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar