မင်္ဂလာပါ ပျိုမေတို့ရေ။ ချွေးပေါက်ကျယ်တာက အဆီပြန်အသားအရေရှိသူတွေမှာအဖြစ်များပြီး အသားအရေတင်းတင်းရင်းရင်းမရှိတာ၊ မျက်နှာနေလောင်ခံရတာနဲ့ အဆီ၊ အညစ်အကြေးနဲ့ ဆဲလ်သေတွေ ချွေးပေါက်ထဲပိတ်မိတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မိတ်ကပ်လိမ်းထားတဲ့အချိန် ချွေးပေါက်တွေမြင်နေရတာက အသားအရေကို ကြည်ကြည်လင်လင်မရှိဘဲ အရောင်မွဲညစ်နေပုံပေါက်စေတတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် အတတ်နိုင်ဆုံး ချွေးပေါက်တွေကိုဖုံးပေးနိုင်မယ့် မိတ်ကပ်လိမ်းခြယ်နည်းတွေကို သိထားဖို့လိုပါတယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ချွေးပေါက်ကျယ်တာ မသိသာအောင် မိတ်ကပ်မလိမ်းခင် Skincare နဲ့ မိတ်ကပ်လိမ်းခြယ်တဲ့ရာမှာ သတိထားဂရုစိုက်ပေးရမယ့် အဆင့်လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။

၁။ မိတ်ကပ်မလိမ်းခင် ပြင်ဆင်နည်း

မိတ်ကပ်စိမ့်ဝင်အားကောင်းပြီး လိမ်းပြီးတဲ့နောက်လှနေဖို့ မလိမ်းခင်ပြင်ဆင်ရတဲ့ Skincare အဆင့်တွေကလည်းအရေးကြီးပါတယ်။

ပထမဆုံး Oil-Free ဖြစ်တဲ့ Cleanser တစ်မျိုးနဲ့ မျက်နှာကိုသန့်စင်ပြီးနောက် ဆဲလ်သေတွေအားလုံးဖယ်ရှားနိုင်ဖို့ Alcohol မပါတဲ့ Toner အနည်းငယ်လိမ်းထားရပါမယ်။ ပြီးရင်တော့ စေးကပ်မှုမရှိဘဲ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပေါ့ပေါ့ပါးပါး Moisturizer တစ်မျိုးကိုလိမ်းပေးလိုက်ပါ။ ဒီလို Skincare အဆင့်တွေလိမ်းပြီး ၅ မိနစ်လောက်နေပြီးမှ Primer လိမ်းတဲ့အဆင့်ကိုသွားသင့်ပါတယ်။

ဆဲလ်သေတွေပုံမှန်ဖယ်ရှားပြီးသားဖြစ်စေဖို့ အားတဲ့အချိန်မှာ Exfoliate လုပ်တာမျိုးလည်းပြုလုပ်ပေးပါ။ တစ်ခါတစ်ရံ မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေခဲဝတ်လေးနဲ့ ပွတ်ပေးတာကလည်း ချွေးပေါက်တွေကို ကျဉ်းပုံပေါ်သွားစေပါလိမ့်မယ်။

၂။ Primer လိမ်းတဲ့အဆင့်

မျက်နှာချောမွတ်ပြီး အရေးအကြောင်းနဲ့ ချွေးပေါက်တွေကိုပါ ဖုံးပေးနိုင်ဖို့ Primer လိမ်းပေးရမယ့် အဆင့်ကလည်း မရှိမဖြစ်ပါပဲ။ သိသိသာသာ ချွေးပေါက်ကျယ်တဲ့သူတွေအနေနဲ့ Silicone-based ဖြစ်တဲ့ ခပ်ထူထူ Primer တွေကိုအသုံးပြုပေးပါ။ သင့်လက်ချောင်းထိပ်လေးတွေသုံးပြီး ချွေးပေါက်ကျယ်တဲ့ နေရာတွေမှာ စက်ဝိုင်းပုံလှည့်ကာလိမ်းပေးရပါမယ်။ ပိုစိမ့်ဝင်စေဖို့ လိမ်းထားပြီးနောက် လက်နဲ့ခပ်ဖွဖွ ပုတ်ပေးပါ။

၃။ Foundation အဆင့်

Foundation လိမ်းတဲ့အခါ အရင်ဆုံး ခပ်သေးသေး မိတ်ကပ် Brush တစ်ခုနဲ့ ချွေးပေါက်ကျယ်တဲ့နေရာတွေမှာ အနည်းငယ်ဖုံးပြီးလိမ်းပေးဖို့လိုပါတယ်။ ပြီးရင်တော့ ပုံမှန်လိမ်းနေကျ Brush အကြီးနဲ့ ကျန်တဲ့နေရာတွေကို လိမ်းပေးပါ။ အရမ်းထူပြီးလင်းနေတာမျိုးထက် သဘာဝဆန်ပြီး နူးနူးညံ့ညံ့ Look လေးရစေမယ့် Foundation မျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

၄။ Setting Powder လိမ်းတဲ့အဆင့်

မိတ်ကပ်လိမ်းပြီး နောက်ဆုံးအဆင့်အနေနဲ့ Setting Powder လိမ်းပေးတာကလည်း မိတ်ကပ်သား နေရာမရွေ့ဘဲ ကြာရှည်ခံစေပြီး အဆီပြန်ခြင်းကိုထိန်းချုပ်ပေးမယ့်အပြင် ချွေးပေါက်တွေကိုပါ ဖုံးပေးနိုင်ပါတယ်။ ဒါကြောင့် ချွေးစို၊ ရေစိုခံတဲ့ Setting Power တစ်မျိုးကို မိတ်ကပ်လိမ်းပြီးတဲ့နောက် ခပ်ပါးပါးလိမ်းထားပေးပါ။ Powder ကတစ်ခါတစ်ရံ ဖုန်တွေနဲ့ရောပြီး မျက်နှာချွေးပေါက်ပိတ်စေတာကြောင့် ခဏခဏထပ်လိမ်းတာမျိုးကိုတော့ ရှောင်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar