နွေရာသီ ဟာ ရာသီဥတုသာယာလို့ ခရီးသွားရတာ ကောင်းပေမယ့်လည်း ပူပြင်းတဲ့နွေရာသီကို ဖြတ်သန်းရတာတော့ ပျော်စရာသိပ်မကောင်းပါဘူး။ နေကပူလွန်းလို့ တစ်နှစ်တာလုံး ထိန်းသိမ်းလာတဲ့ ကိုယ့်ရဲ့ အသားအရေလေးကတော့ ပျက်စီးမှာအသေချာပါပဲ။

ဒါကြောင့် နွေရာသီမှာ ကိုယ်ရဲ့ အသားအရေလေးကိုလည်း နဂိုအတိုင်းလှပနေစေမယ့် အသားအရေထိန်းသိမ်းခြင်း နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Sun Cream လိမ်းပါ

နေလောင်ကာခရင်မ် စလိမ်းတဲ့အချိန်ကနေ (၃) နာရီကြာတိုင်း နောက်တစ်ကြိမ် ထပ်မံလိမ်းပေးမယ်မယ်ဆိုရင် နေဒဏ်ရေဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့် အသားအရေပျက်စီးမှုကို အတန်အသင့်ကာကွယ်ပေးပါလိမ့်မယ်။

(၂) Body Scrub သုံးပါ

တစ်နေ့ကုန်နေပူပူနဲ့ ရေတွေကြားမှာပျော်ခဲ့ပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ အသားအရေကိုပြန်လည် ကြေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။ ဒါကြောင့်ရေမချိုးခင် (၁၅) မိနစ်လောက်အလိုမှာ အသားအရေကြေးချွတ်ဆေး (Body Scrub) လိမ်းထားရပါမယ်။

၁၅ မိနစ်ပြည့်တဲ့အခါမှာတော့ ပုံမှန်အတိုင်းရေချိုးလိုက်လို့ရပါပြီ။ တစ်နေကုန်ဖုန်တွေသဲတွေနဲ့ မသန့်စင်တဲ့ရေတွေ ထိတွေ့ခဲ့ရတဲ့ ကိုယ့်ရဲ့ အသားအရေလေးအတွက် ရေဝဝချိူးပေးဖို့တော့ လိုပါမယ်နော်။

(၃) မျက်နှာပေါင်းတင်ပါ

အသားအရေပျက်စီးမှု ဖြစ်စေတဲ့အဓိကနေရာက မျက်နှာလို့ပြောရင်မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေဒဏ်၊ ရေဒဏ် ၊ လေဒဏ်တွေက မျက်နှာပေါ်ကိုပဲ တိုက်ရိုက်ထိတွေ့စေတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ ပြန်လည်စိုပြေလာစေမယ့် သဘာဝမျက်နှာပေါင်းတင်နည်းလေးတွေကို အသုံးပြုသင့်ပါတယ်။

မျက်နှာအသားအရေကို အေးမျှလန်းဆန်းစေမယ့် သခွားသီး၊ ခရမ်းချဉ်သီး ၊ ရှားစောင်းလက်ပတ်လို သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးရင်အကောင်းဆုံးပါပဲ။

(၄) Moisturising ခရင်မ်လိမ်းပါ

ခရမ်းလွန်ရောင်ခြည်ဒဏ်နဲ့ တစ်နေ့ကုန်နီးပါး ထိတွေ့လာရတဲ့အတွက် အသားအရေအတွက် အစိုဓာတ်ပြန်လည်တင်းဖို့ လိုပါတယ်။ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့အသား အရေ မညီမညာဖြစ်မှုတွေ၊ အမဲကွက်တွေအတွက် ပြန်လည်ကုစားပေးနိုင်ဖို့  အဟာရပြည့်ဝတဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အိပ်လိုက်မယ်ဆိုရင် နောက်နေ့မှာ အသားအရေ ကြည်ကြည်လင်လင်လေး ဖြစ်နေမှာပါ။

(၅) သနပ်ခါးလိမ်းပါ

မြန်မာရိုးရာသနပ်ခါးဟာလည်း နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမဲကွက်တွေကိုကောင်းစွာ ကုစားပေးနိုင်ပြီး အသားအရေကိုအေးမြစေပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ သနပ်ခါး ရည်ကျဲလေး လိမ်းပြီး ချည်သားအင်္ကျီ ခပ်ပွပွလေးတွေနဲ့ သက်တောင့်သက်သာနေရပါမယ်။ ဖြစ်နိုင်ရင်တော့ ခြေထောက်တွေရောလက်တွေပါ သနပ်ခါးရည်ကျဲလေး လိမ်းပေးရင်ပိုကောင်းပါတယ်နော်။