အသက် ၄၀၊ အသက် ၅၀ ကျော်လာပြီဆိုတာနဲ့ အသားအရေက အစိုဓာတ်နဲ့ ထူထဲမှုပမာဏ လျော့နည်းသွားပြီး အရေးအကြောင်းတွေက ပေါ်ပေါက်လာတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း အရေးအကြောင်းများ ပေါ်လာနိုင်သလို၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေ စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းစတဲ့ အချက်တွေကြောင့်လည်း အရေးအကြောင်းတွေက ဖြစ်ပေါ်နိုင်ပါတယ်။ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်ကတော့ အကြီးမားဆုံးရန်သူပဲဖြစ်ပါတယ်။

ဒီလိုအရေးအကြောင်းတွေမပေါ်လာဖို့အတွက် အသက် ၂၀ ကျော်၊ ၃၀ မှာကတည်းက အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပါပြီ။ ဘယ်လို သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မလဲဆိုတာ ကြည့်လိုက်ရအောင်။

ရှားစောင်းလက်ပတ်

၂၀၀၈ ခုနှစ်မှာ လေ့လာခဲ့တဲ့ တွေ့ရှိချက်အရ ရှားစောင်းလက်ပတ်ဂျယ်လ် မှန်မှန်အသုံးပြုတဲ့သူတွေက ရက် ၉၀ ကြာတဲ့အခါ အရေးအကြောင်းတွေ သိသိသာသာလျော့ကျသွားတယ်လို့ သိရှိရပါတယ်။

နောက်ထပ် လေ့လာတွေ့ရှိချက်အရ ရှားစောင်းလက်ပတ်ကို အသားအရေပေါ် လိမ်းကျံပေးခြင်းက အသားအရေကို အစိုဓာတ်ထိန်းညှိပေးပြီး ကောလ်လဂျင်ဓာတ်တွေ ပေါင်းထည့်ပေးတာကြောင့် အရေးအကြောင်းတွေ လျော့ကျသွားတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝအဆီနဲ့ ဗီတာမင် ဓာတ်တွေက အသားအရေအလှအပကို တိုးမြှင့်ပေးပါတယ်။ ငှက်ပျောသီးကို အနှစ်လေးများရအောင် ကြိတ်ချေလိုက်ပြီး ရရှိလာတဲ့အနှစ်ကို အသားအရေပေါ် လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။

ကြက်ဥ အကာ

ကြက်ဥအကာက အသားအရေ တင်းရင်းနေအောင် ကူညီရာမှာ အစွမ်းထက်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ကြက်ဥအကာကို လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွေ့ပြီး အရေးအကြောင်းများ ပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကြက်ဥနဲ့ ဓာတ်မတည့်သူတွေကတော့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။

သံလွင်ဆီ

၂၀၀၁ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တဲ့ စမ်းသပ်ချက်အရ သံလွင်ဆီအသုံးပြုပြီး ဟင်းချက်စားသုံးသူတွေက အရေးအကြောင်းတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေလို ဟင်းသီးဟင်းရွက်စားသောက်ခြင်းကလည်း အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။