အားလုံးပဲ မင်္ဂလာပါနော်။ လူအများစုလိုချင်တဲ့ အိပ်မက်တွေထဲမှာ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ စာဖတ်သူတွေထဲမှာ အလုပ်များလွန်းလို့ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်ရတာ သိပ်သဘောမကျတဲ့သူတွေရှိမှာပါ။

ဒီတော့ ဗိုက်အဆီလည်းကျချင်တယ်။ လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ်နေဟန်ထားမှန်ကန်မှုရှိပါစေ

ဗိုက်အဆီကျဖို့အတွက် ကိုယ်နေဟန်ထားမှန်ကန်ဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို အမြဲတမ်းမတ်ထားပေးရပါမယ်။ ထိုင်တဲ့အချိန်မှာလည်း ခန္ဓာကိုယ်ကွေးပြီး မထိုင်သင့်ပါဘူး။ ခန္ဓာကိုယ်တစ်ဖြောင့်တည်းနေပေးတာက ကိုယ်အလေးချိန်ကျစေပါတယ်။

၂။ ရေများများသောက်ပါ

တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးရပါမယ်။ ရေများများသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ချေဖျတ်ပေးနိုင်ပါတယ်။ အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ပေးပါ။ အစာစားပြီးနောက် ချက်ချင်းရေမသောက်ဘဲ ၁၀ မိနစ် ကနေ ၁၅ မိနစ်စောင့်ပြီးမှ ရေသောက်ပေးသင့်ပါတယ်။ ဒါပေမဲ့ ရေကိုလိုတာထက်သောက်ရင်တော့ ဗိုက်ပူနိုင်ပါတယ်။

၃။ အစားအသောက်ဂရုစိုက်ပါ

လေ့ကျင့်ခန်းမလုပ်တဲ့သူတစ်ယောက်အနေနဲ့ အစားအသောက်ကိုတော့ ဂရုစိုက်ပေးရပါမယ်။ အပေါ်က ပြောခဲ့တဲ့နှစ်ချက်ကို လိုက်နာရုံနဲ့တော့မရသေးပါဘူး။ ကိုယ့်ခန္ဓာကိုယ်အလေးချိန်အတွက် လိုအပ်တဲ့ ကယ်လိုရီကို တွက်ချက်ပြီးစားသင့်ပါတယ်။ စားတဲ့နေရာမှာလည်း နည်းနည်းစီ ခွဲစားပေးပါ။ ဒီလိုလုပ်တာက သင့်ခန္ဓာကိုယ် အစာချေဖျတ်ရ ပိုလွယ်ကူစေပါတယ်။ အစာကြေညက်အောင်ဝါးစားပေးပါ။ ပီကေစားတာကလည်း သင့်ဗိုက်ထဲ လေပိုဝင်စေပြီး ဗိုက်ပူနိုင်ပါတယ်။ ဒီတော့ သတိထားပေးပါ။ ဒိန်ချဉ်သောက်ပေးတာက သင့်ဗိုက်အဆီချရမှာ အကူအညီဖြစ်စေပါတယ်။ အသီးအရွက်တွေက ကယ်လိုရီပါဝင်မှုနည်းတာကြောင့် အသီးအရွက်များများစားပေးရပါမယ်။

၄။ လှုပ်လှုပ်ရှားရှားနေပါ

အချိန်ရရင်ရသလို လမ်းလျှောက်ပေးပါ။ ဗိုက်အဆီချတဲ့နေရာမှာ အမှန်တကယ်လုပ်ပေးသင့်တာကတော့ လေ့ကျင့်ခန်းရော အစားအသောက်ပါ ထိန်းသိမ်းရမှာပါ။ ကိုယ်က လေ့ကျင့်ခန်းလုပ်ဖို့ အားမသန်ဘူးဆိုရင်တော့ တစ်နေ့လုံးမှာ အရင်ကထက်တော့ လှုပ်လှုပ်ရှားရှားနေပေးပါ။ ဥပမာ ကားတစ်မှတ်တိုင် လမ်းဆင်းလျှောက်တာမျိုး၊ ဓာတ်လှေကားနဲ့မတက်ဘဲ ရိုးရိုးလှေကားသုံးတာမျိုးပါ။

၅။ အိပ်ချိန်မှန်ပါစေ

လူတစ်ယောက်ရဲ့ ပုံမှန်အိပ်ချိန်က ၇ နာရီကနေ ၈ နာရီအတွင်းပါ။ အိပ်ချိန် နာရီဝက်ဆုံးရှုံးခြင်းကတောင် သင့်ကို ဝိတ်တက်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဝိတ်တက်ပြီဆိုတာနဲ့ အဆီတွေက သင့်ဗိုက်ကိုပဲ ဦးတည်နေမှာပါ။ ကိုယ်က ည ၁၁ နာရီအိပ်မယ်ဆိုရင် ပုံမှန်အဲ့အချိန်ပဲ အိပ်ပေးသင့်ပါတယ်။ သင်က လေ့ကျင့်ခန်းမလုပ်ဘဲ ဗိုက်အဆီကျချင်တယ်ဆိုရင်ပေါ့။

၆။ စိတ်ဖိစီးမှုလျှော့ချပါ

ကိုယ်က လွယ်လွယ်နဲ့ စိတ်ဓာတ်ကျတတ်သူဆိုရင်တော့ သင့်ဗိုက်က မသိမသာလေး ပူနေမှာပါ။ စိတ်ဖိစီးမှုက ဗိုက်အဆီတက်စေတဲ့အပြင် တခြားဆိုးကျိုးအများကြီးပေးပါတယ်။ စိတ်ဖိစီးမှုနည်းပါးဖို့ တရားထိုင်ပေးတာ၊ စာအုပ်ဖတ်ပေးတာ၊ သီချင်းနားထောင်တာတွေ လုပ်ပေးသင့်ပါတယ်။

၇။ ဗီတာမင်စီ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ

ဗီတာမင်စီက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ လိမ္မော်သီး၊ သံပယိုသီး၊ ငရုတ်ပွသီး၊ ပန်းဂေါ်ဖီစတဲ့အသီးအရွက်တွေမှာ ဗီတာမင်စီပါဝင်ပါတယ်။ မနက်မိုးလင်းတိုင်း သံပယိုသီးဖျော်ရည်တစ်ခွက်သောက်ပေးသင့်ပါတယ်။ ဗီတာမင်စီက ပျိုမေတွေအတွက် ဝိတ်ကျစေတဲ့အပြင် အသားအရေလည်း လှစေပါတယ်။ သင်က အစာအိမ်ပြဿနာရှိသူဆိုရင်တော့ သံပယိုသီးကို မနက်ပိုင်းမသောက်သင့်ပါဘူး။

၈။ စိတ်ရှည်ပါ

ကဲ.. ဒါကတော့ ဗိုက်အဆီကျဖို့ နောက်ဆုံးအချက်ပါပဲ။ လူအများစုက ဟတ်ချလောင်း အဆီကျစေဆိုတဲ့ ဆန္ဒရှိကြပါတယ်။ ကိုယ်က လေ့ကျင့်ခန်းတောင်မလုပ်ဘဲ၊ ဗိုက်အဆီကျဖို့ တော်တော်လေးစိတ်ရှည်မှရမှာပါ။ အဆီတွေထဲမှာ ဗိုက်အဆီက ချရအခက်ဆုံးပါ။ ဒီတော့ စိတ်ရှည်ပေးရပါမယ်နော်။

အပေါ်က ပြောထားတဲ့အချက်တွေကို အတတ်နိုင်ဆုံး ပုံမှန်လိုက်နာပေးမယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ လေ့ကျင့်ခန်းမလုပ်ဘဲ ဗိုက်အဆီကျလာပါလိမ့်မယ်။ စာဖတ်သူတွေထဲမှာရော ဗိုက်အဆီကျဖို့ ဘယ်လိုနည်းလမ်းတွေ သိသေးလဲရှင့်။ အားလုံးသိဖို့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဝေမျှခဲ့ပါဦးနော်။

အားလုံး ဗိုက်အဆီကျပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar