မင်္ဂလာ ပျိုမေတို့ရေ။ ကိုယ့်မျက်နှာနဲ့ တစ်သားတည်း သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ မိတ်ကပ် Look လေးရဖို့ အနည်းဆုံး မိနစ် ၃၀ လောက် အချိန်ပေးပြင်ဆင်ဖို့လိုတာကိုတော့ ပျိုမေတို့သိပြီးသားဖြစ်မှာပါ။ တစ်ခါတစ်လေ မိတ်ကပ်ပြင်ဖို့အချိန်မပေးနိုင်တာ၊ ပြင်ချင်စိတ်မရှိတာမျိုးဖြစ်လာတဲ့အခါ မိတ်ကပ်မလိုဘဲ သဘာဝအတိုင်း လှနေဖို့ အလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မျက်နှာပြောင်နဲ့လည်း အလှမပျက်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိစေဖို့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်မျက်နှာနဲ့လိုက်တဲ့ ဆံပင်အရောင်လေးဆိုးထားပါ


ဆံပင်က ဒုတိယမျက်နှာဆိုတဲ့အတိုင်း ကိုယ့်အသားအရောင်နဲ့လိုက်တဲ့ ဆံပင်အရောင်လေးဆိုးထားတာက မိတ်ကပ်မလိုဘဲ မျက်နှာလေးကို လင်းသွားစေပါတယ်။ ဥပမာ အသားလတ်တဲ့သူအများစုက Ash Brown ၊ Blonde စတဲ့အရောင်တွေနဲ့ လိုက်ဖက်တာကြောင့် ဒီလိုအရောင်လေးတွေဆိုးပြီး ကိုယ့်မျက်နှာကျနဲ့လိုက်တဲ့ ဆံပင်ကေနဲ့ တွဲထားတာမျိုး ပြုလုပ်နိုင်ပါတယ်။

၂။ Skincare သေချာလုပ်ထားပါ


Skincare ကောင်းကောင်းလုပ်ထားရင် အပြင်သွားဖို့ မိတ်ကပ်ထူထူလိမ်းနေစရာ မလိုတော့ပါဘူး။ သင့်ကိုအချိန်တိုင်းမှာ သဘာဝအတိုင်း Glow နေစေမယ့်အပြင် အသားအရေပိုကောင်းလာအောင်လည်း ပြုပြင်ပြီးသားဖြစ်စေတာမို့ Moisturizer ၊ Sunscreen စတာတွေကို အိမ်မှာနေရင်းနဲ့လည်း ပုံမှန်လိမ်းပြီး Skincare သေချာလုပ်ပေးဖို့ မမေ့ပါနဲ့။

၃။ ဆံပင်အမြင့်စည်းကြည့်ပါ


အပြင်သွားတဲ့အခါ ထွေထွေထူးထူးအလှမပြင်ချင်တော့တဲ့သူတွေအနေနဲ့ ဆံပင်ကို ခပ်မြင့်မြင့် စည်းထားလိုက်တာမျိုးတာကလည်း သင့်ကို မျက်နှာလေးရှင်းပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားစေပါလိမ့်မယ်။

၄။ နားကပ်ဝတ်ပါ


Accessories လေးတွေဝတ်တာက သင့်ကို မိတ်ကပ်မပါမှန်းမသိသာအောင် အာရုံလွှဲပေးနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းဖို့ပျင်းတဲ့နေ့တွေမှာ ကိုယ့်မျက်နှာနဲ့လိုက်တဲ့ အမိုက်စား နားကပ်လှလှလေးတွေဝတ်ပေးပါ။

၅။ Outfit လှလှလေးတစ်စုံ ရွေးဝတ်ပါ


နောက်ထပ်မိတ်ကပ်မလိမ်းဘဲ ကြည့်ကောင်းနေဖို့ ပြုလုပ်ပေးနိုင်တာကတော့ စတိုင်ကျပြီး အပေါ်အောက်လိုက်ဖက်တဲ့ Outfit လှလှလေးတွေဝတ်ပေးတာပဲဖြစ်ပါတယ်။ ဒါက မိတ်ကပ်အတွက် သိပ်အားထုတ်စရာမလိုဘဲ ကြည့်လိုက်တာနဲ့ ပေါ့ပါးလန်းဆန်းတဲ့ ပုံစံလေးရစေပါလိမ့်မယ်။

၆။ Eyelash Curler နဲ့မျက်တောင်ကော့ပေးလိုက်ပါ


Eyelash Curler တစ်မျိုးထဲနဲ့ မျက်တောင်ကော့ပေးတာကလည်း Eye Makeup တွေအချိန်ပေးပြင်စရာမလိုဘဲ သဘာဝအတိုင်းထင်းနေတဲ့ မျက်ဝန်းတောက်တောက်လေးတွေရစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar