မင်္ဂလာပါ ပျိုမေတို့ရေ။ ကျော့ရှင်းပြီး Classic ဆန်တဲ့ အလှမျိုးပိုင်ဆိုင်ဖို့ ဈေးကြီးတဲ့ Brand တွေဝတ်မှ မဟုတ်ပါဘူးနော်။ ရိုးရိုးရှင်းရှင်း ဖက်ရှင်တွေနဲ့လည်း တွဲစပ်ပြီးဝတ်တတ်ရင် ဝတ်တတ်သလို ဈေးကြီးတဲ့စတိုင်မျိုးရအောင် ဖန်တီးနိုင်ပါတယ်။ ဒါကြောင့်မို့ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ ပြင်ထားမှန်းလည်းမသိသာဘဲ ရှင်းရှင်းလေးနဲ့ ဂန္တဝင်ဆန်ပြီး လှနေဖို့ ဖက်ရှင်ရွေးချယ်နည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဖြတ်လမ်းနည်းတွေအကြောင်းလေ့လာရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

အတွန့်၊ အခေါက်မရှိတဲ့ အထည်မျိုးရွေးချယ်ပါ


ပထမဆုံး ဘယ်လိုအဝတ်မျိုးပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ ခေါက်ရာ၊ ကျိုးရာမရှိဘဲ ပြန့်နေအောင် မီးပူသေချာတိုက်ပြီး ဝတ်ပေးပါနော်။ ဒါက သင့်ပုံစံကို သပ်ရပ်ပြီး ကြည့်ကောင်းစေတာမို့ Outfit တိုင်းကို မသိမသာနဲ့ ပိုပြီး စတိုင်ကျစေမှာပါ။

ရှေ့ကြယ်သီးပါတဲ့ ခါးရှည် Shirt (သို့မဟုတ်) လည်ပင်းပိတ်အင်္ကျီတွေ ဝတ်ပေးပါ


ရှေ့ကြယ်သီးပါတဲ့ Shirt ခါးရှည်တွေ လည်ပင်းပိတ်အင်္ကျီတွေက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်သလို ဝတ်လိုက်တာနဲ့ တည်ငြိမ်ကျော့ရှင်းတဲ့ Vibe မျိုးရစေတာမို့ တစ်မျိုး တစ်ထည်လောက်ရှိထားတာက လုံးဝအသုံးဝင်မှာပါနော်။ ရှေ့ကြယ်သီးနဲ့ Shirt အရှည်ကတော့ Basic ဖက်ရှင်လေးဖြစ်ပြီး သူ့ကို လက်ရှည်ဆိုရင် တံတောင်နားထိ ခေါက်ပြီးဝတ်ရင် Fit ပိုဖြစ်ပြီး စတိုင်ကျပါတယ်။ အောက်က စတိုင်ပန့် (သို့မဟုတ်) ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်လို့လှမှာပါ။


Accessories လေးတွေဝတ်ပါ


ကိုယ်နဲ့လိုက်ဖက်တဲ့ Accessories လေးတွေ ဝတ်ပေးတာက သာမာန် Outfit ကိုတောင် တစ်မျိုးဆန်းပြီး စတိုင်ကျသွားအောင် ပြောင်းလဲနိုင်ပါတယ်နော်။ အရမ်းရှုပ်နေတာမျိုးလည်း မဟုတ်ဘဲ ခေတ်ဆန်ပြီး Outfit နဲ့လည်းလိုက်မယ့် Accessories လေးတွေပါအောင် တွဲဝတ်ပေးပါ။

ကိုယ်နေဟန်ထား မတ်မတ်ထားပါ


ခါးမတ်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ ပုံပေါ်အောင်နေပေးတာက သင့် Outfit ပုံစံကို အာရုံစိုက်စရာမလိုဘဲ ကျော့ရှင်းပြီး ထင်းနေအောင် ပံ့ပိုးပေးမှာပါနော်။ ဒါကြောင့်မို့ ဘာကိုပဲဝတ်ဝတ် ယုံကြည်မှုရှိရှိ ဝတ်ဆင်ပေးဖို့ မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar