မီလျံနာဖြစ်မှ ချမ်းချမ်းသာသာနေနိုင်မှာ မဟုတ်ပါဘူး။ တစ်ခုခု ပိုင်ဆိုင်မှ ပျော်ရွှင်နိုင်မယ်ဆိုရင် အဲ့ဒီအပျော်ဟာ တကယ့်အပျော်စစ်ဖြစ်ဖို့ မလွယ်ပါဘူး။ ‌ပျော်ရွှင်ချမ်းသာမှုဟာ စိတ်အထားတတ်မှုနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။

ရွှေပုံပေါ်ထိုင်ပြီး မပျော်နိုင်မယ့်အစား ကိုယ်ရှိနေတဲ့ ပိုင်ဆိုင်မှုသေးသေးလေးမှာလည်း ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင် ထားတတ်ဖို့ လိုပါတယ်။ သတင်းကောင်းတစ်ခုက ပိုက်ဆံအများကြီးသုံးစရာမလိုဘဲ မီလျံနာတစ်ယောက်လို နေနိုင်တယ်ဆိုတာပါပဲ။

(၁) ကိုယ်ပိုင်ဟန်နဲ့ ဝတ်စားပါ

သူဌေးတွေ ဒီဇိုင်နာ Brand ဝတ်တယ် ၊ ကိုယ်ပိုင်စတိုင်အတွက် သီးသန့်ဆန်တဲ့ Luxury ဖက်ရှင်တွေ သုံးတယ်ဆိုတာ ပင်ကိုယ်ကွဲထွက်မှု Individuality ဖြစ်အောင် သုံးတာပါ။ Individuality ဖြစ်ဖို့ ပိုက်ဆံသုံးစရာမလိုပါဘူး။

ကိုယ့်ဘတ်ဂျက်နဲ့ ချိန်ပြီး အွန်လိုင်းဆိုက်တွေကနေ အရည်အသွေးမြင့်တဲ့ တစ်ပတ်ရစ်တွေ သုံးနိုင်ပါတယ်။ အရှာတတ်ရင် နာမည်ကြီး Brand Outlet ထဲက ဈေးသင့်ပြီး ပစ္စည်းကောင်းတဲ့ ဖက်ရှင်မျိုး ဝယ်ယူနိုင်မှာပါ။

(၂) Discount Dining တွေ ရှာပါ

ဒစ်စကောင့်ချထားတဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်ဖို့ မရှက်ပါနဲ့။ ကိုယ့်အတွက် အသုံးဝင်ပြီး ငွေသုံးဖို့ တန်တယ်ထင်ရင် Discount ပစ္စည်းမျိုး ဝယ်သာ သုံးပါလို့ ပြောချင်ပါတယ်။

တချို့ စားသောက်ဆိုင်ကြီးတွေမှာတော့ Happy Hour Menu ဆိုပြီး အထူးညစာလျှော့ဈေးတွေနဲ့ တည်ခင်းတာမျိုး ရှိတတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအသောက်ကို လက်ရာကောင်းတဲ့ဆိုင်က ဒစ်စကောင့်ချနေရင် မီလျံနာတစ်ယောက်လို ခံစားချက်နဲ့ ဝင်သာစားလိုက်ပါ။

(၃) ခရီးထွက်ပါ

ခရီးတွေထွက်ဖို့ ပိုက်ဆံတွေ အများကြီး မလိုပါဘူး။ ဈေးကြီးတဲ့ လေယာဉ်စီးခရီးတွေ ၊ နာမည်ကြီး ဟော်တယ်တည်းတာမျိုးတွေ မဟုတ်ဘဲ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုပြီး ကိုယ့်ကားနဲ့ကိုယ် ဆီစုထည့်ပြီး Adventure Trip တွေ သွားလို့ရပါတယ်။

တစ်ယောက်တည်း လိမ့်ချင်တယ်ဆိုရင်လည်း ပိုက်ဆံသိပ်သုံးစရာမလိုဘဲ သွားနိုင်တဲ့ ခရီးတွေကို စိတ်ချရတဲ့ Travel Blogger တွေရဲ့ Review ကြည့်ပြီး သွားဖို့ အကြံပေးချင်ပါတယ်။

(၄) Gym ကစားစရာမလိုဘဲ ကျန်းမာအောင်နေပါ

ကျန်းမာရေး မကောင်းရင် ပိုက်ဆံသုံးရတယ် ဆိုပေမယ့် ကျန်းမာရေးကောင်းဖို့ ပိုက်ဆံသိပ်သုံးစရာ မလိုတဲ့နည်းတွေ အများကြီး ရှိပါတယ်။ တော်ရုံခရီးကို လမ်းလျှောက်သွားတာ ၊ ဓါတ်လှေကားအစား ရိုးရိုးလှေကားနဲ့ တက်တာ ၊ မနက်တိုင်း စောစောထပြီး အနီးအနား ပတ်ပြေးတာကနေ Public Park လို နေရာမျိုးမှာ ရှိတဲ့ အားကစားပစ္စည်းတွေနဲ့ အားကစားလုပ်တာမျိုး ဖြစ်ပါတယ်။

အစားအသောက်ကိုလည်း ကိုယ့်ဘာသာ အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးကို အိမ်မှာတင် ချက်စားလို့ ရတာပါပဲ။

ခြုံပြီး ပြောရရင် ပျော်ရွှင်ချမ်းမြေ့ဖို့ ပိုက်ဆံတွေ အများကြီး ရှိစရာမလိုပါဘူး။ ဒါပေမယ့် ပိုက်ဆံရှိတာက စိတ်ချရပြီး အမှီအခိုကင်းကင်းနဲ့ နေထိုင်နိုင်ဖို့ အရေးကြီးတာကြောင့် တတ်စွမ်းသမျှ ပိုက်ဆံရှာပြီး ရသမျှ အနေအထားမှာ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်သွားဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။