သင့်ခန္ဓာကိုယ် စကားသံကို နားထောင်ခြင်းက ဝိတ်ကျဖို့အတွက် လိုအပ်တဲ့အချက် ဖြစ်သလို ကျန်းမာတဲ့ ဘဝတစ်ခု တည်ထောင်တဲ့အခါလည်း အရေးပါ ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ စကားသံကို နားထောင်တဲ့အခါ ဘယ်အချိန် လေ့ကျင့်ခန်း လုပ်ရမလဲ၊ နားရမလဲ၊ ဘယ်အချိန် ဘယ်လို အစားအသောက် စားရမလဲ ပိုခွဲခြား သိနိုင်စေပါတယ်။ ခန္ဓာကိုယ်တွင်းထဲက ပြောတာကို နားထောင်မယ်ဆိုရင် အရင်ထက် ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားမိပြီး ပိုဝိတ်ကျလာပါလိမ့်မယ်။ ဒီတော့ ဘယ်လိုနားထောင်နိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ ချရေးထားပါ

သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းကို စာအုပ်ထဲ ချရေးနိုင်ပါတယ်။ ဥပမာ- သင်အိပ်ချိန် ဘယ်လောက်ရှိခဲ့လဲ၊ ဘယ်လို အစားအသောက်က သင့်ကို ဘယ်လို ခံစားစေလဲ၊ သင့်ခန္ဓာကိုယ်အတွက် မကောင်းဘူးလဲ၊ ဘယ်လိုလေ့ကျင့်ခန်းက သင့်အတွက် ထိရောက်လဲ စသဖြင့် Journaling လုပ်နိုင်ပါတယ်။ ဒီနေ့မှာ သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုအာဟာရရှိတာတွေ စားမလဲ၊ ဘာလေ့ကျင့်ခန်း လုပ်မလဲ စသဖြင့် ရေးနိုင်ပါတယ်။

၂။ သင်စားတာတွေကို နှစ်ခြိုက်ပါ

သင်စားတဲ့ အစားအသောက်က သင်နှစ်သက်တဲ့ အစားအသောက် ဖြစ်သင့်ပါတယ်။ ဒီလိုပဲ ပိုစားမိတဲ့ နေ့တွေမှာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်ပါဘူး။ အရေးအကြီးဆုံးက Balance ဖြစ်ဖို့ပါ။ ဒီနေ့ ပိုစားမိရင် နောက်နေ့ မျှတအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တင်းကျပ်လွန်းတာမျိုး မဖြစ်သင့်ပါဘူး။

၃။ သင့်အတွက် အချိန်ပေးပါ

ခန္ဓာကိုယ်က ပင်ပန်းတယ်လို့ ပြောတဲ့နေ့တွေမှာ စောစော အိပ်သင့်သလို အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့ နောက်ရက်တွေမှာ နားပေးသင့်ပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်သင့်ပါတယ်။

၄။ တရားထိုင်ပါ

တရားထိုင်တာ၊ ယောဂကျင့်တာတွေက ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ် အကြောင်း ပိုသိလာစေနိုင်ပါတယ်။

၅။ စိတ်ဖိစီးတဲ့အခါ ဘာတွေ လုပ်လေ့ရှိလဲ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ပါ

သင်က စိတ်ဖိစီးလာတဲ့အခါ ကြွက်သားတွေ တောင့်တင်းလာတတ်လား၊ အစားပိုစားမိလား စသဖြင့် သတိထားကြည့်သင့်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ စိတ်ဖိစီးမှု လျော့သွားဖို့ ဘာလုပ်နိုင်မလဲပါ စဉ်းစားသင့်ပါတယ်။

၆။ သင့်ခန္ဓာကိုယ်က လေ့ကျင့်ခန်းကို ဘယ်လိုတုံ့ပြန်မှုရှိလဲ

လေ့ကျင့်ခန်းလုပ်တဲ့အချိန် သင့်လှုပ်ရှားမှုတွေကို သတိထားကြည့်သင့်ပြီး အသက်ရှူသွင်း ရှူထုတ်ကို အာရုံစိုက်နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနိုင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းက လုပ်ပြီးရင် သင့်ကို ပျော်ရွှင်မှု ပေးလဲ တဖြည်းဖြည်း သိနိုင်ပါလိမ့်မယ်။

၇။ သင်ဘာလိုအပ်လဲ တွေးပါ

ခန္ဓာကိုယ်ရဲ့ စကားသံကို ကြားနိုင်ဖို့ သင်လိုအပ်တဲ့အရာကို တွေးနိုင်ဖို့ လိုပါတယ်။ သင်က တကယ်ဗိုက်ဆာရဲ့လား မစားခင် ခဏအရင် တွေးနိုင်ပါတယ်။ ရေသောက်ကြည့်နိုင်ပါတယ်။ လေ့ကျင့်ခန်းကိုလည်း ဒီသဘောတရားပါပဲ။

၈။ ခန္ဓာကိုယ်ကို ဦးစားပေးပါ

သင်က တက်ကြွတဲ့ရက်တွေမှာ အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တက်တက်ကြွကြွ လုပ်နိုင်ပြီး ဘယ်လိုမှ အဆင်မပြေတဲ့ရက်တွေမှာတော့ လေ့ကျင့်ခန်း ပြောင်းလုပ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ အသင့်အတင့် ဖြစ်ဖို့ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar