လှပတဲ့နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်နိုင်ဖို့အတွက် နှုတ်ခမ်းနီတွေရဲ့ အကူအညီကို ရယူနိုင်ပေမယ့် နှုတ်ခမ်းသားလေး သဘာဝအတိုင်း ပန်းရောင်သမ်းပြီး လှပနေဖို့အတွက်ဆိုရင်တော့ သဘာဝနည်းလမ်းများကို အသုံးပြုရမှာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ပန်းရောင်သမ်းတဲ့နှုတ်ခမ်းသားလေး ပိုင်ဆိုင်ချင်တဲ့ ပျိုမေများအတွက် ထိရောက်မှုရှိတဲ့ သဘာဝနည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။

သကြားနဲ့ ချေးချွတ်ပါ

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုသီး တစ်ခြမ်းတို့ လိုအပ်ပါမယ်။ သံပုယိုသီးကို ခပ်ပါးပါးလှီးပြီးနောက် သကြားထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ထိုသံပုယိုသီးတစ်ခြမ်းကို နှုတ်ခမ်းပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ၃ မိနစ်၊ ၅ မိနစ်ခန့် ပွတ်တိုက်ပေးရပါမယ်။

နေ့တိုင်း ပြုလုပ်ပေးလိုက်မယ်ဆိုရင် နှုတ်ခမ်းပေါ်က ဆဲလ်သေများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းသားလေး ပန်းရောင်သမ်းသွားပါလိမ့်မယ်။

နနွင်းမှုန့်နဲ့ ချေးချွတ်ပါ

လိုအပ်မယ့်ပစ္စည်းတွေကတော့ ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေအေးအေးလေးနဲ့ ရေဆေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

သံပုယိုရည်နှင့် ပျားရည်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) သံပုယိုသီး တစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။ ပျားရည်နှင့် သံပိုယိုရည်တို့ကို သမအောင် ရောမွှေပြီးနောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်ညခန့် ထားထားပြီးမှ မနက်ရောက်ရင် ရေအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

မိမိ စိတ်ကျေနပ်တဲ့ ရလဒ် မရမချင်း ညအိပ်ယာဝင်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

မုန်လာဥနီဖျော်ရည်

လိုအပ်မယ့်ပစ္စည်းတွေကတော့ မုန်လာဥနီဖျော်ရည်အနည်းငယ်နဲ့ ဝါဂွမ်းစအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ဝါဂွမ်းစကို မုန်လာဥနီဖျော်ရည်ထဲ နှစ်ပြီးနောက် နှုတ်ခမ်းပေါ် သုတ်လိမ်းပေးလိုက်ပါ။ သုတ်လိမ်းပြီး မိနစ် ၂၀၊ ၃၀ ခန့် ကြာမှ ရေဆေးလိုက်ပါ။

ရက်အနည်းငယ်အကြာမှာတော့ သင့်ရဲ့ နှုတ်ခမ်းသားလေးက ပန်းရောင်သမ်းပြီး နူးညံ့လာတာကို တွေ့ရပါလိမ့်မယ်။

Source: stylecraze.com