ဘယ်သူမဆို အောင်မြင်ချင်သူတွေ ချည်းပါပဲ။ လူတိုင်း လက်ရှိအခြေအနေကနေ ပြောင်းလဲကာ အောင်မြင်နေကြတဲ့ သူတွေကို အားကျနေသူတွေချည်းပါပဲ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ အားကျရုံက လွဲပြီး ဘာမှ ဖြစ်မလာသူတွေ အများအပြားပါပဲ။ ဒါက ဘာကြောင့်လဲဆိုတော့ အလေ့အကျင့် ကောင်းတစ်ခုကို ရေရှည်မလုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။ သင်က အခုဖော်ပြထားတဲ့ အရာတွေကို ပုံမှန်လုပ်မယ်ဆိုရင်တော့ သင့်ကိုယ်သင် ပြောင်းလဲနိုင်မှာ မလွဲမသွေပါပဲ။ ဒီတော့ ဘယ်အရာတွေကို ပျိုမေတို့ အနေနဲ့ စလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ နေ့တိုင်း အိပ်ရာ စောစောထတာ

အိပ်ရာစောစောထတာက သင်လုပ်ချင်တာတွေ လုပ်နိုင်ဖို့ အချိန်ပေးသလိုပါပဲ။ စောစောထတဲ့သူတွေက ရေရှည်မှာ တခြားသူတွေထက် ပိုသာသွားတတ်ပါတယ်။ သင်က မနက် စောစောအိပ်ထနိုင်ဖို့ ညဘက် စောစောအိပ်ဖို့တော့ လိုအပ်ပါတယ်။

၂။ လမ်းလျှောက်ထွက်တာ

မနက် စောစောထပြီး လမ်းလျှောက်တာ၊ ဒါမှမဟုတ် မွန်းကျပ်တာနဲ့ လမ်းလျှောက်ထွက်တာတွေ လုပ်သင့်ပါတယ်။ ဒီလို လမ်းလျှောက်ထွက်ပေးတာက သင့်စိတ်ကို လန်းဆန်းစေသလို အိုင်ဒီယာသစ်တွေ ရစေနိုင်ပါတယ်။

၃။ ရေများများသောက်တာ

သင့်မျက်နှာအသားအရေနဲ့ သင့်ကျန်းမာရေးကို ပြောင်းလဲဖို့ ရေများများသောက်ပေးသင့်ပါတယ်။ ရေများများ သောက်ပေးမယ်ဆိုရင် သင်အရင်ထက် ပိုပေါ့ပါး ကျန်းမာလာပါလိမ့်မယ်။

၄။ အသီးအရွက်တွေကို ပိုစားပေးတာ

ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ရဖို့ သင့်စားသောက်မှုပုံစံကို အကုန် ပြောင်းလဲစရာ မလိုပါဘူး။ ကိုယ်စားတဲ့ အစားအသောက်ထဲမှာ အသီးအရွက်တွေနဲ့ Whole Food တွေကို ပိုစားတာမျိုးပဲ လုပ်ပေးသင့်ပါတယ်။

၅။ နေ့တိုင်း Journaling လုပ်တာ

ပုံမှန် ကိုယ့်ခံစားချက်တွေ၊ အယူအဆတွေကို စာအုပ်ထဲ ရေးတာ၊ ကျေးဇူးတင်တာတွေကို ချရေးတာက သင့်စိတ်ကို ပိုကျန်းမာစေပါလိမ့်မယ်။

၆။ တစ်ပတ်မှာ လေ့ကျင့်ခန်း ၃ ခါကနေ ၆ ခါထိ လုပ်တာ

လေ့ကျင့်ခန်းကို တစ်ပတ်မှာ အနည်းဆုံး ၃ ခါကနေ အများဆုံး ၆ ခါထိ လုပ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် သင်အရင်ထက် ပိုပျော်ရွှင်လာပြီး ခန္ဓာကိုယ်လည်း ပိုပေါ့ပါးလာပါလိမ့်မယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ် လှဖို့ မဟုတ်ဘဲ သင့်ကိုယ်သင် ကျေနပ်မှု ရှိဖို့၊ နေလို့ကောင်းဖို့ ဖြစ်သင့်ပါတယ်။ ဒီလိုမှ လေ့ကျင့်ခန်းကို စွဲလုပ်ဖြစ်မှာပါ။

၇။ နေ့တိုင်း အပြုသဘောစကားတွေကို ပြောဆိုပါ

ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ကြောင်း၊ တော်ကြောင်း၊ ယုံကြည်မှု အပြည့်ရှိကြောင်း၊ ကျက်သရေရှိကြောင်း၊ ထူးခြားစွာ လှပကြောင်း စတာတွေ ပြောသင့်ပါတယ်။ ဒီလိုဆိုရင် သင်ပြောတဲ့ အရာတွေက တကယ်ဖြစ်လာပါလိမ့်မယ်။

၈။ ဖုန်းလျှော့သုံးတာ

သင့်ရဲ့ ဖုန်းသုံးတဲ့ အကျင့်က ကြာလာရင် စွဲသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဖုန်းလျှော့သုံးတာကို ပုံမှန်လုပ်ပေးရင် သင်အရင်ထက် အလုပ်တွေ ပိုလုပ်လာနိုင်ပြီး သူများနဲ့ နှိုင်းယှဉ်တဲ့ စိတ်လည်း နည်းလာကာ စိတ်ချမ်းသာလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar