ဆက်ဆံရေးတစ်ခုမှာ အူကြောင်ကြောင်နိုင်လွန်းတဲ့အချိန်ကတော့ ကိုယ် မနှစ်သက်တဲ့ လူတစ်ယောက်ကို အားနာနာနဲ့ ငြင်းပယ်ရတဲ့အချိန်ပါပဲ။ အထူးသဖြင့် ကိုယ်နဲ့ ရင်းနှီးပြီးသား လူတစ်ယောက်ရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်ရတာက ပိုဆိုးပါတယ်။ သင့်အနေနဲ့ သူ့ကို ငြင်းပယ်ရတာက သူ့ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်တာကြောင့် ဝန်လေးစရာ ဖြစ်နေနိုင်ပါတယ်။

ဒီတော့ လူတစ်ယောက်ကို ဘယ်လို ပညာသားပါပါ ငြင်းပယ်ရမလဲ ဆိုတဲ့ မေးခွန်းက မေးခွန်းကောင်းပါပဲ။ သင်က လက်ရှိမှာ ဒီလို အခက်အခဲနဲ့ ကြုံနေရတယ်ဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို စမ်းလုပ်ကြည့်နိုင်ပါတယ်။

၁။ ဟာသနှောပြောပါ

ဟာသ က လူတစ်ယောက်ကို ငြင်းပယ်တဲ့နေရာမှာ အသင့်တော်ဆုံး အဖြေ တစ်ခုပါပဲ။ လူတစ်ယောက်က သင့်ကို အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဇာတ်လမ်းစလာတာနဲ့ သင်က ဒီ ဖိအားကို လျော့သွားအောင် အကြောင်းအရာပြောင်းပြီး ဟာသပြောနိုင်ပါတယ်။ ဒီလိုဟာသ ညှပ်ပြောလိုက်တဲ့အခါ Romantic လေထုကနေ ဖောက်ထွင်းရာ ရောက်သွားတတ်ပါတယ်။

၂။ သင့်ကိုယ်သင် အထင်မကြီးပါနဲ့

သင်က လူတစ်ယောက်ကို မငြင်းခင်မှာ တကယ်ကော ဒီလူက သင့်အပေါ် စိတ်ရှိလား ဆိုတာ အရင် သုံးသပ်သင့်ပါတယ်။ သင်က သင့်ကိုယ်သင် အထင်ကြီးနေတယ်ဆိုရင် သူလုပ်သမျှ အမူအရာတွေက သင့်ကို ကြိုက်နေလို့ လုပ်တယ်ဆိုပြီး အထင်မှားသွားတတ်ပါတယ်။ ဒါကြောင့် ဘာမှ မဖြစ်သေးတဲ့ ဆက်ဆံရေးတစ်ခုမှာ သင်က အထင်မမှားရအောင် ကိုယ့်ကို ကြိုက်နေတာ ဟုတ်မဟုတ် အရင် ခွဲခြားသင့်ပါတယ်။

၃။ သူ့ကို ချီးကျူးပါ

သူ့ကို ငြင်းရင်းနဲ့ တစ်ခါတည်း ချီးကျူးသင့်ပါတယ်။ သူက ရုပ်ဆိုးနေလို့ ငြင်းတယ်လို့ အဓိပ္ပာယ် မထွက်ရအောင် သူနဲ့ အဆင်မပြေနိုင်ဘူး ပြောရင်း သူ့အရည်အချင်းကိုပါ ပေါင်းပြောသင့်ပါတယ်။ သူ့ကြောင့် မဟုတ်ဘဲ သင့်စိတ်နဲ့ အဆင်မပြေနိုင်တာကြောင့် ဖြစ်ကြောင်း အကြောင်းအရင်းကောင်းတွေ ပေးသင့်ပါတယ်။ ဒီလို ချီးကျူးစကားပါ ပေါင်းလိုက်မယ်ဆိုရင် သူနောက်တစ်ယောက် ပြောင်းကြိုက်တဲ့အခါလည်း သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပါလိမ့်မယ်။ သင်က ဒါကို ပံ့ပိုးပေးလိုက်တာပါ။

၄။ အဖြူရောင် မုသားစကား

သူ့ကို ထိခိုက်စေတာမျိုး မဟုတ်တဲ့ မုသား စကားတွေကိုလည်း သင်က ပြောသင့်ပါတယ်။ ဥပမာ- သင့်မှာ တခြား ရည်ရွယ်ထားတဲ့သူရှိလို့ ဆိုပြီး လိမ်လိုက်တာ၊ ဒါမှမဟုတ် တစ်ယောက်တည်း နေချင်လိို့ မတွဲသေးတာ ဖြစ်ကြောင်း စသဖြင့် အဖြူရောင် မုသားစကားတွေကို သုံးနိုင်ပါတယ်။ တစ်ခါတလေ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လိမ်သင့်တာလည်း လိမ်ဖို့ လိုပါတယ်။

၅။ မစောင့်ပါနဲ့

သင်က လူတစ်ယောက် အပေါ် လုံးဝ ပြန်မချစ်နိုင်ဘူးဆိုရင် သူ့ကို ပြတ်ပြတ်သားသား စောစောတည်းက ငြင်းသင့်ပါတယ်။ ကြိုးရှည်ရှည်နဲ့ ဆွဲထားတာမျိုး မလုပ်သင့်ပါဘူး။ သင်က သူ့ကို မငြင်းဘဲ အချိန်စောင့်နေလေလေ သူ့အတွက် အခွင့်အရေးရှိသေးတယ်လို့ အတွေးမှားတွေ တွေးလေပါပဲ။ ဒါကြောင့် မစောင့်ဘဲ ငြင်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar