Relationship တစ်ခုအတွက် အခက်ခဲဆုံးအချိန်က လမ်းခွဲဖို့ဆုံးဖြတ်ရတဲ့အချိန်ပါပဲ့။ လမ်းခွဲလိုက်ရင်မှားသွားမလားဆိုတဲ့ဝေခွဲမရတဲ့ တွေဝေစိတ်တွေနဲ့ အဲ့ဒီအချိန်တွေက အရမ်းကို စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေပါတယ်။ ဘယ်လိုပဲညှိနှိုင်းညှိနှိုင်း နောက်ဆုံးမှာ နှစ်ယောက်လုံးပိုပိုပြီးပင်ပန်းရတယ်ဆိုတဲ့ ရလဒ်ပဲ့ ထွက်လာနေတယ်ဆိုရင်တော့ လမ်းခွဲအဆုံးသတ်လိုက်ဖို့ကို ပြတ်သားစွာဆုံးဖြတ်သင့်ပြီပဲ့ ဖြစ်ပါတယ်။

အတူရှိနေပေမယ့် ဝေးနေသလို ခံစားရတဲ့အခါ

ချစ်သူနှစ်ဦးအတူတူရှိနေပေမယ့် ဝေးနေသလိုခံစားရတဲ့ ခံစားချက်က တော်တော်လေးဆိုးရွားပါတယ်။ လမ်းခွဲလိုက်တာနဲ့ ထူးမခြားနားတဲ့ ခံစားချက်တစ်ခုပါပဲ။ ချစ်သူတိုင်းလိုလို တစ်ယောက်အပေါ်တစ်ယောက်နွေးထွေးတဲ့ ခံစားမှုမျိုးပဲ လိုချင်ကြတာဖြစ်ပါတယ်။

အေးစက်ပြီး အထီးကျန်လွန်းတဲ့ အချစ်ရေးတစ်ခုမှာ ဘယ်သူမှအချိန်အကြာကြီး ပျော်ရွှင်စွာနေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့ကိုယ်နဲ့ကြားမှာ ကြားခံနယ်တစ်ခုက ခြားနားထားသလိုမျိုး ဝေးကွာနေတဲ့ ခံစားမှုမျိုးခံစားလာရရင်တော့ လမ်းခွဲဖို့ဆုံးဖြတ်သင့်ပါပြီ။

ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါ

အချစ်ရေးမှာ အရေးကြီးဆုံးက ယုံကြည်မှုပါပဲ။ ယုံကြည်မှုမရှိတဲ့သူတစ်ယောက်နဲ့ အချိန်ဘယ်လောက်ကြာကြာလက်တွဲနိုင်မလဲ စဉ်းစားကြည့်ပါ။ ဘယ်သူကမှ အချိန်တိုင်းလိုလို သံသယစိတ်တွေနဲ့ နေရတဲ့ဘဝကို ကျေနပ်နေမိမှာမဟုတ်ပါဘူး။

ယုံကြည်မှုပျက်ပြားပြီး သံသယစိတ်တွေ ကြီးစိုးလာပြီဆိုရင်တော့ နေ့ရက်တိုင်း ၊ အချိန်တိုင်းက စိတ်ပင်ပန်းစရာတွေပဲ ကြုံလာရဖို့ အခွင့်အရေးများလာပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှု မတည်ဆောက်နိုင်ရင် လမ်းခွဲတာအကောင်းဆုံးပါပဲ။

စိတ်ညစ်နေရတဲ့ အချိန်တွေများလာအခါ

ကိုယ့်ရဲ့အချစ်ခရီးလမ်းက တကယ်ပဲ ပျော်စရာပျောက်ဆုံးနေပြီလား ပြန်ဆန်းစစ်ပါ။ မပျော်ရဘူးဆိုရင်တောင် အချိန်တိုင်းစိတ်ညစ်နေတာမျိုး မဖြစ်ပါစေနဲ့။ အရာအားလုံးဟာ စိတ်နဲ့ ဆက်စပ်နေတဲ့အတွက် အချစ်ရေးမှာ အချိန်တိုင်းစိတ်ညစ်နေရတဲ့အခါ တခြားသော လူမှုရေး ၊ ပညာရေး ကဏ္ဍတွေမှာပါ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

သူများတွေ ပျော်လို့လည်း ကိုယ်မပျော်နိုင် ၊ သူများတွေ ရယ်လို့လည်း ကိုယ်မရယ်နိုင်ဘဲ အချိန်တိုင်း ဘူနေပြီဆိုရင်တော့ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ။

အရာရာဆန့်ကျင်ဘက်တွေဖြစ်လာတဲ့အခါ

အချစ်ရေးမှာ အောင်မြင်ပျော်ရွှင်ကြတဲ့ သူတော်တော်များများ ခံယူချက်တွေ၊ ရည်မှန်းချက်တွေ ၊ ဝါသနာတွေက ထပ်တူကျမနေရင်တော့ လုံးဝဆန့်ကျင်ဘက်ဖြစ်မနေကြပါဘူး။ အချိန်ကြာလာလေ တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်း ပိုနီးလာလေဖြစ်ရမယ့်အစား အသေးအမွှားကိစ္စလေးတွေကအစ နားလည်မှုတွေလွဲမယ် ၊ ခံယူချက်တွေမတူဘူး ၊သင်္ချာအက္ခရာ “၃” နဲ့ “၄” လို အမြဲကျောခိုင်းပြီး ဆန်ကျင့်ဖက်တွေဖြစ်နေမယ်ဆိုရင် အငြင်းအခုန်တွေပြုလုပ်မနေပဲ အေးချမ်းစွာပဲ လမ်းခွဲလိုက်ပါ။

တစ်ယောက်တည်းနေရတာ ပိုပျော်ဖို့ကောင်းတယ်လို့ အတွေးဝင်လာတဲ့အခါ

ချစ်သူနှစ်ယောက် တွေ့လိုက်တိုင်းမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ စိတ်ညစ်စရာတွေ ဖန်တီးနေမိပြီဆိုရင်တော့ သေချာပါတယ် နောက်ထပ်တွေ့ဆုံဖို့ ကြောက်နေမိမှာအမှန်ပါ။ တခြားစုံတွဲတွေအဖို့ ဖုန်းမပြောရင်မနေနိုင် ၊ (၂) ရက်တစ်ခါ မတွေ့ရရင် မနေနိုင်ဖြစ်နေချိန်မှာ ကိုယ်ကတော့ တွေ့ရမှာတောင် ကြောက်နေပြီး တဖြည်းဖြည်းနဲ့ တစ်ယောက်တည်းနေရတဲ့ဖီးလ်ကို ခုံမင်နှစ်သက်လာပြီဆိုရင်တော့ ရှေ့ဆက်မတိုးမိဖို့ စဉ်းစားဆုံးဖြတ်သင့်ပြီပဲ ဖြစ်ပါတယ်။