နေဒဏ်လေဒဏ်တွေ ဖုန်နဲ့အညစ်အကြေးတွေကြောင့် မျက်နှာပေါ်မှာ ကြည့်ရဆိုးစေတဲ့ ဝက်ခြံပြဿနာတွေကို နွေရာသီတစ်လျောက်လုံး ကြုံတွေ့ခဲ့ကြရမယ်ထင်ပါတယ်။

မိုးရာသီမှာလည်း မသန့်စင်တဲ့ရေလေ မှိုနဲ့ အညစ်အကြေးတွေ ရေဓာတ်ခမ်းခြောက်ခြင်းတွေ စတဲ့ပြဿနာတွေကြောင့် မျက်နှာပေါ်မှာ ဝက်ခြံတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် မိုးရာသီအတွင်းမှာလည်း ကြည်လင်သန့်ရှင်းပြီး ဝက်ခြံကင်းစင်တဲ့ မျက်နှာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

မျက်နှာအသားအရေမှာ အစိုဓာတ်ပြည့်ဝနေရင် ဝက်ခြံ တင်းတိတ်နဲ့ အမဲစက်တွေ ဖြစ်ပေါ်ဖို့ ရာခိုင်နှုန်းအရမ်းကို နည်းပါးပါတယ်။ အပြင်သွားရင်ပဲဖြစ်ဖြစ် အိမ်မှာနေရင်းပဲဖြစ်ဖြစ် မျက်နှာအသားအရေကို အစိုဓာတ်ပြည့်ဝနေစေဖို့ Moisturising ခရင်မ်လိမ်းပေးဖို့လိုပါတယ်။

အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးခြင်းဖြင့် အသားအရေအစိုဓာတ် ပြည့်ဝနေတာကြောင့် ဝက်ခြံတွေဖြစ်ပေါ်မှုကို လျော့ချပေးတဲ့အပြင် စိုပြေဝင်းမွတ်တဲ့ မျက်နှာအသားအရေလေးကိုလည်း ပိုင်ဆိုင်ရစေဖို့ အထောက်အကူပြုပါတယ်။

(၂) ဂျေးချွတ်သန့်စင်ပါ

မိုးရာသီဆိုပေမယ့်လည်း ဖုန်နဲ့ အညစ်အကြေးတွေက နေရာတိုင်းမှာရှိနေနိုင်ပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာနေသူတွေအနေနဲ့ ပြင်ပက ဖုန်တွေအညစ်အကြေးတွေ မော်တော်ကားမီးခိုးငွေ့တွေ မမြင်နိုင်တဲ့ပိုးမွှားတွေကြောင့် အဆိုပါ အညစ်အကြေးတွေဟာ မျက်နှာပေါ်က ချွေးပေါက်တွေပိတ်လာပြီး ဝက်ခြံနဲ့ တခြားသောအရေပြားဆိုင်ရာပြဿနာတွေ ကြုံတွေ့ရစေနိုင်ပါတယ်။

ဒါကြောင့်မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့အနေနဲ့ ဝက်ခြံတွေမဖြစ်ပေါ်လာနိုင်အောင် ဂျေးချွတ်သန့်စင်ပေးသင့်ပါတယ်။

(၃) ပေါင်းတင်ပါ

မျက်နှာပေါင်းတင်ပေးခြင်းက မျက်နှာပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေ ပြန်လည်စိုပြေလာစေမယ့်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ပေါင်းတင်ရာမှာလည်း ထွေးထွးထူးထူး စဉ်စားနေစရာမလိုပါဘူး။ သဘာဝနည်းလမ်းနဲ့ မျက်နှာပေါင်းတင်နည်းတွေဖြစ်တဲ့ ကြက်ဥ ခရမ်းချဉ်သီး ရှားစောင်းလက်ပတ် သခွားသီး ငှက်ပျောသီး စတဲ့ပစ္စည်းတွေနဲ့ လွယ်လွယ်ကူကူပဲ ကုန်ကျစရိတ်သက်သာစွာ ပေါင်းတင်ပေးနိုင်ပါတယ်။

(၄) အစားအသောက်ဆင်ခြင်ပါ

အစားအသောက်နဲ့ ဝက်ခြံပြဿနာက အများကြီးသက်ဆိုင်ပါတယ်။ အဆီများတဲ့အစားအသောက်တွေ ဆီကြော်တွေ အငံစာတွေ ပူပူစပ်စပ်အစားအသောက်တွေဟာ ဝက်ခြံဖြစ်ဖို့ ပိုပြီး တွန်းအားဖြစ်စေပါတယ်။

ဒါကြောင့် ဒီလိုအစားအသောက်မျိုး တွေတက်နိုင်သလောက်ရှောင်ပါ။ စားမယ်ဆိုရင်လည်း အများကြီးမစားပါနဲ့။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေရင် ဝက်ခြံဖြစ်နိုင်ချေ နည်းပါးတာကြောင့် ရေများများသောက်ပေးဖို့လည်း အကြံပြုလိုပါတယ်။

(၅) ခေါင်းအုံးစွပ်တွေ တစ်ပတ်တစ်ခါလျော်ပါ

ဝက်ခြံဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ခေါင်းအုံးစွပ်တွေလည်း ထိပ်ဆုံးကပါဝင်ပါတယ်။ မိုးရာသီဟာ အဝတ်အစားတွေ အိပ်ယာတွေနဲ့ နေရာတော်တော်များများမှာ မှိုတက်လွယ်တဲ့ ရာသီတစ်ခုလို့ပြောနိုင်ပါတယ်။

ခေါင်းအုံးတွေဆိုတာ မျက်နှာနဲ့ အနီးကပ်ဆုံးရှိစေတဲ့ အရာတွေဖြစ်တာကြောင့် ဖုန်တွေအညစ်အကြေးတွေရှိနေရင် ဝက်ခြံဖြစ်ပေါ်လာစေမှာပါ။ ဒါကြောင့် ခေါင်းအုံးစွပ်တွေအိပ်ယာခင်းတွေကို တစ်ပတ်တစ်ခါ လျော်ဖွတ်သန့်စင်ပေးသင့်ပါတယ်။