ငြိမ်းအေးချမ်းသာတဲ့ မိသားစုဘဝဆိုတာ ရခဲလှပါတယ်။ ချစ်တဲ့သူနဲ့ လက်ထပ်အိမ်ထောင်ပြုတယ်ဆိုရင်တောင် မင်္ဂလာဆောင်တာဟာ လက်စွပ်ချင်းတင် လဲလိုက်တာ မဟုတ်ပါဘူး။ ဘဝနှစ်ခု အပြန်အလှန်ထောက်ကူ ဖေးမပြီး ရှေ့ခရီးဆက်ကြတာ ဖြစ်ပါတယ်။ စုံတွဲတိုင်းဟာ သာယာတဲ့ အိမ်ထောင်ရေးကို မျှော်မှန်းကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေး သာယာဖို့ လိုအပ်တဲ့အရာတွေကို အပြည့်အဝ နားမလည်ကြတာ များပါတယ်။

(၁) ညှိဖို့မကြောက်နဲ့

ဘယ်လောက်ချစ်ချစ် လူတွေဟာ ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမကျပါဘူး။ အိမ်ထောင်ရေး မသာယာတဲ့ အချက်တွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲပဲ ကိုယ့်အိမ်ထောင်ဘက်ကို ပုံသွင်းချင်တာက အဆိုးဆုံး အပြစ်ဖြစ်ပါတယ်။ ညှိတဲ့သဘောဟာ အနိမ့်အမြင့်မတူတဲ့ မြေပြင်ကို တညီတည်း ဖြစ်အောင် ပြုပြင်တဲ့ သဘောပါ။ သဘောတူညီချက်တစ်ခုအတွက် ညှိရာမှာလည်း နှစ်ယောက်စလုံး လက်ခံပြီး မျှတတဲ့ ညှိနှိုင်းချက် ဖြစ်သင့်ပါတယ်။

(၂) ယုံကြည်မှုကို မြှင့်ထား

သူ့အပေါ်မှာ သမီးရည်းစားဘဝက ယုံကြည်ခဲ့တာထက် ပိုပြီး ယုံကြည်ပေးဖို့လိုပါတယ်။ တစ်ဘက်သားပေါ် သစ္စာထားချိန်မှာ သူလည်း ကိုယ့်အပေါ် သစ္စာရှိပြီး ယုံကြည်နေမယ်ဆိုတဲ့ အချက်ကို လက်ခံထားဖို့လိုပါတယ်။ သံသယဟာ အိမ်ထောင်ရေးတစ်ခု တရိရိ ပြိုလဲ လှိုက်စားစေတဲ့ ပိုးကောင်တစ်မျိုး ဖြစ်လို့ သူ့ကို ဘယ်တော့မှ အဝင်မခံသင့်ပါဘူး။

(၃) အမြဲဆက်သွယ်မှု ရှိပါ

အိမ်ထောင်သည်တွေ တစ်ယောက်ကိုတစ်ယောက် သိပ်စကားမပြောဖြစ်တာဟာ ထူးခြားတဲ့ အခြေအနေပါ။ တကယ်က တစ်နေ့တာ အတွေ့အကြုံတွေ ပြန်မျှဝေတာ ၊ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး တစ်ယောက်စကား တစ်ယောက်နားထောင်ပေးတာ ၊ ပြဿနာကို အတူရင်ဆိုင်တာနဲ့ အတူရယ်မောတာဟာ အိမ်ထောင်ရေးကို ကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်ပါပဲ။

(၄) ဆွဲဆောင်မှု ရှိနေပါစေ

အိမ်ထောင်ကျပြီပဲဆိုပြီး မပြင်မဆင် နေမယ်ဆိုရင် အမှားတစ်ခုကို ကျူးလွန်လိုက်သလိုပါပဲ။ ချစ်သူရည်းစားဘဝတုန်းကလို ကောင်မလေးကို သွားတွေ့ခါနီး သပ်သပ်ရပ်ရပ်နေသလို နေပါ။ Gym ပုံမှန်သွားပြီး ဗိုက်ထွက်မလာအောင် ထိန်းထားပါ။ ကိုယ့်အမျိုးသမီးကို အတွေ့အကြုံသစ်တွေ တွေ့ကြုံစေဖို့ အချိန်ပေးပါ။ နှစ်ယောက်သား ခရီးအတူသွားပြီး Refresh လုပ်နေပါ။

(၅) ရည်မှန်းချက်နဲ့ ကြိုးစားနေပါ

ချစ်ရုံနဲ့ မပြီးဘူးဆိုတာ အိမ်ထောင်ကျလာတဲ့အချိန်မှာ အမှန်ဆုံးနဲ့ ခံရအခက်ဆုံး စကားဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်ဖက်ကို ကြင်နာတာဟာ အကောင်းဆုံးအရာပါ။ ဒါပေမယ့် သူ့ဘဝ ၊ ကိုယ့်ဘဝနဲ့လာမယ့် မျိုးဆက်သစ်ကလေးတွေအတွက် ကြိုးစားနေတဲ့သူတစ်ယောက်အဖြစ် ရှိနေတာဟာ ပိုပြီး ကောင်းပါတယ်။ ရည်မှန်းချက်နဲ့ ကြိုးစားနေချိန်မှာလည်း အလုပ်နဲ့ဘဝ ဟန်ချက်မျှတနေဖို့ လိုပါတယ်။