နုပျိုမှုကို ပံ့ပိုးပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Collagen က နုပျိုတဲ့ အသားအရေကို ရရှိစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကနေ Collagen ထုတ်နိုင်စွမ်းတွေက လျော့နည်းလာပြီးတဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒီလို နုပျိုမှုကိုပေးတဲ့ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ဖို့နဲ့ အသားအရေရဲ့ Collagen ကို မြှင့်တင်ပေးနိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

ရေဓာတ်ဖြည့်ပါ

တစ်နေ့ အနည်းဆုံး ရေ 2L သောက်တာ ဒါမှမဟုတ် ဖရဲသီး၊ သခွားသီးနဲ့ စတော်ဘယ်ရီတို့လို ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးတာက ရေဓာတ်ရရှိစေရုံသာမက Collagen နဲ့ Elastin ကိုလည်း ရှင်သန်စေပါတယ်။

ကော်လာဂျင်ကို မြှင့်တင်ပေးတဲ့ အစားအစာများရွေးစားပါ

ကော်လာဂျင်ကို မြှင့်တင်ပေးဖို့ သကြားရှောင်ပြီး အာဟာရဓာတ်များတဲ့ အရွက်စိမ်းများ၊ ဟင်းသီးဟင်းရွက်များကို ရွေးစားပါ။ ဒီအစားအစာတွေမှာ ဗီတာမင် C နဲ့ Sulphur မြင့်မားစွာပါတာမလို့ ကော်လာဂျင်ထုတ်လုပ်မှုနှုန်းတိုးဖို့ အပြင် ကျန်းမာစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။

Massage လုပ်ပေးပါ

Jade Roller or Facial Massage Tool တို့နဲ့ မျက်နှာကို ပုံမှန်နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ကော်လာဂျင်ထုတ်လုပ်မှုကို လည်း မြှင့်တင်ပေးနိုင်ပါတယ်။

Sunscreen လိမ်းပါ

နေရောင်ခြည်နဲ့ထိတာက ကော်လာဂျင်ပြိုကွဲမှုကို မြန်ဆန်စေတာမလို့ အသားအရေကို နေရောင်မှကာကွယ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် တိမ်ထူနေတဲ့အချိန်တွေမှာတောင် အနည်းဆုံး SPF 30 ပါတဲ့ Sunscreen ကို နေ့တိုင်းလိမ်းပေးပါ။

Collagen ကို မြှင့်တင်ပေးတဲ့ အလှကုန်များသုံးပါ

Retinol ဆိုတာက တင်းရင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်နိုင်ဖို့ လုပ်ဆောင်ပေးတာကြောင့် စျေးကွက်မှာ Collagen အတွက် ထိရောက်မှုရှိတဲ့ ပါဝင်ပစ္စည်းတွေထဲကမှ ရေပန်းအစားဆုံးပစ္စည်းပါ။ Collagen အဆင့်ကို တိုးမြင့်စေဖို့ Retinol ပါဝင်တဲ့ အလှကုန်များကို သုံးပေးပါ။