ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နေတဲ့သူအဖို့ ကိုယ့်စကားကိုကိုယ် နားထောင်ဖို့နဲ့ ကိုယ့်ရင်ထဲမှာ မျှော်လင့်ခြင်းတွေ ၊ အကောင်းမြင်မှုတွေနဲ့ ထက်သန်နိုးကြားမှုတွေ ပြည့်ဝနေဖို့လည်း လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတဲ့ ပင်ကိုယ်စကား Self-Talk လေးတွေကပဲ ကိုယ့်ရဲ့ အခြေအနေနဲ့ အလားအလာကို ပုံသွင်းနေပါတယ်။

ဒါကြောင့် Self-Talk လုပ်ပြီး ကိုယ့်ဘဝလမ်းကြောင်းကို ပိုကောင်းအောင် မြှင့်တင်ဖို့ လိုအပ်တဲ့အချက်လေးတွေ တင်ပြပေးချင်ပါတယ်။

(၁) အတွေးတွေကို သေချာနားထောင်ပါ

သင်ဘာတွေးနေသလဲ သိဖို့ အရင်လုပ်ပါ။ အတွေးတွေက သင့်ကို လွှမ်းမိုးနေတာထက် သင်က အတွေးတွေကို ထိန်းချုပ်မှုရှိနေဖို့ လိုပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

ကိုယ့်ခေါင်းထဲမှာတင် အဆက်မပြတ် စကားဝိုင်းဖွဲ့နေတတ်ပြီး အများစုက အကျိုးမရှိတာတွေနဲ့ ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်နေတတ်ပါတယ်။

ကိုယ့်စိတ်အတွေးထဲက အသံတွေကို ခိုးနားထောင်ကြည့်ခြင်းအားဖြင့် စိတ်ကို စောင့်ကြည့်တတ်တဲ့ အလေ့အကျင့်ကောင်း ရလာပြီး တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ထိန်းချုပ်နိုင်တဲ့လူ ဖြစ်လာနိုင်ပါတယ်။

(၂) တိတ်ခွေဟောင်းတွေ ရှင်းထုတ်ပါ

သင့်ခေါင်းထဲက အသံတွေ တကယ်သေချာနားထောင်ကြည့်တဲ့အခါ သင့်ကိုယ်ပိုင်မဟုတ်တဲ့ တခြားသူတွေရဲ့ အမြင် ၊ သဘောထား ၊ ယုံကြည်မှုနဲ့ စကားလုံးတွေ ထွက်လာတာ တွေ့ရတတ်ပါတယ်။

သင့်အတွေးထဲမှာ ဝင်နေတဲ့ စကားတွေ အများအပြားက သင့်မိဘ ၊ သူငယ်ချင်း ၊ ဆရာသမား ၊ လုပ်ဖော်ကိုင်ဖက်နဲ့ အရင် အတိတ်က ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကို စကားလုံးနဲ့ ပုံရိပ်တွေအဖြစ် ပြန်ဖော်ပြနေတာ ဖြစ်နိုင်ပါတယ်။

အခုချိန်က အဲ့ဒီလို သင့်ခွင့်ပြုချက် မရှိဘဲ သင့်စိတ်ထဲ ဝင်နေတဲ့ လူတွေနဲ့ အသံတွေကို ခေါင်းထဲက ရှင်းထုတ်ရမယ့် အချိန်ပါ။ သင့်ရဲ့ကိုယ်ပိုင်အသံစစ်စစ်ကို ဖော်ထုတ်လိုက်ပါ။

(၃) သင့်ခံစားချက်နဲ့ ရင်းနှီးအောင် လုပ်ပါ

Self-Talk လုပ်ရင်းနဲ့ ကြောက်စိတ် ၊ ဒေါသ ၊ မနာလိုမှု ၊ ဝေဝါးခြင်းနဲ့ မဆုံးနိုင်အောင် ထွေပြားလှတဲ့ Emotion တွေကို သင်ကြားလာရပါမယ်။ ခံစားချက်တွေက အားကြီးရင် ကြီးသလောက် လူတစ်ယောက်ကို ထိထိရောက်ရောက် ပုံဖော်နိုင်ပါတယ်။

သင့်စိတ်ထဲက ခံစားချက်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် ပိုပြီး တစ်ဆင့်မြင့် ကြီးကျယ်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၄) တခြားသူတွေကို ပြောသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြောပါ

ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့ကိစ္စဟာ တခြားသူတွေနဲ့ ပြောတာထက် ခက်ပါတယ်။ တခြားသူတွေနဲ့ စကားပြောရာမှာ စကားလုံးရွေးချယ်ရသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြောရာမှာလည်း သေချာရွေးချယ်ပြီး ပြောပါ။ အပြင်လူတွေကို လေးလေးစားစား ဆက်ဆံတာလိုမျိုး ကိုယ့်ကိုယ်ကိုယ်လည်း တလေးတစား ပြန်ပြောကြည့်ပါ။

ကိုယ့်အတွင်းစိတ်ကို ပစ်မထားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် တခြားလူတစ်ယောက်လို သဘောထားပြီး မှန်မှန်ကန်ကန် မြင်တတ်လာရင် ကိုယ်လုပ်နေတဲ့ အလွဲတွေနဲ့ ကိုယ့်စိတ်ထဲကိုယ် တည့်တည့်မတ်မတ် ထိန်းကျောင်းလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ Self Talk တွေကို သတိထားပါ။ ဒါက စကြဝဠာနဲ့ စကားပြောဆိုခြင်းပါဆိုတဲ့ ဒေးဗစ်ဂျိမ်းစ်ရဲ့ အဆိုအတိုင်း Self-Talk ကို သေချာလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။