အာရုံစူးစိုက်မှု နဲ့ မှတ်သားဉာဏ်ကို တိုးတက်အောင် လုပ်လို့ ရသလားဆိုရင် Yes လို့ ဖြေချင်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို သုံးမယ်ဆိုရင် မှတ်ဉာဏ်စွမ်းရည် ပိုကောင်းလာမှာပါ။ မှတ်ဉာဏ်အား ပိုကောင်းစေဖိူ့အတွက် အခုပြောမယ့် နည်းလမ်းတွေက အထောက်အကူ ဖြစ်ပါလိမ့်မယ်။

(၁) ဦးနှောက်ကို လေ့ကျင့်ပါ

Photo : Deseret News

မှတ်ဉာဏ်ကို စိန်ခေါ်မှု လုပ်လေလေ မှတ်ဉာဏ် ပိုကောင်းလာလေလေပါပဲ။ ခက်ခဲတဲ့ ပဟေဠိတွေ ဖြေဆိုမှုကနေ ဘာသာစကားသစ်တစ်မျိုးမျိုးကို သင်ယူတာအထိ ဦးနှောက်ကို စိန်ခေါ‌်နေတာပဲ ဖြစ်ပါတယ်။ တစ်ချို့ သုတေသီတွေကတော့ ဗွီဒီယိုဂိမ်းကစားတာဟာ ဦးနှောက်စွမ်းအားကိူ ပိုမြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက ဂိမ်းစွဲလမ်းမှု ဖြစ်ရင်တော့ ရေရှည်မှာ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။

(၂) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

Photo : Pinterest

ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ခြင်းဟာ စိတ်နဲ့ ကိုယ်ကို ပိုပြီး ကျန်းမာစေနိုင်ပါတယ်။ အားကစားလုပ်တာကြောင့် ဦးနှောက်တွင်း အောက်ဆီဂျင်စီးဆင်းမှု ပိုကောင်းလာပြီး စိတ်ဖိစီးမှုလည်း လျော့ပါးစေနိုင်ပါတယ်။ ရေကူးခြင်းနဲ့ အပြေးလေ့ကျင့်ခန်းလိုမျိုး Cardio လေ့ကျင့်ခန်းတွေဟာ မှတ်သားဉာဏ်ကို ပိုကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

(၃) အိပ်ရေးဝအောင် အိပ်ပါ

Photo: Safety+Health Magazine

တစ်နေ့ အိပ်ချိန် ၇ နာရီအောက်ပဲ ရှိရင် ကိုယ်ရော စိတ်ပါ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ၉ နာရီကျော်အထိ အိပ်တာကလည်း ဦးနှောက်အတွက် မကောင်းပါဘူး။ ညတိုင်း ၈ နာရီ အိပ်ဖြစ်သူတွေဟာ ဖန်တီးမှု ၊ မှတ်ဉာဏ် ၊ ခွဲခြမ်းသုံးသပ် ဆင်ခြင်မှုနဲ့ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းကြပါတယ်။

(၄) စိတ်ဖိစီးမှုနည်းအောင် နေပါ

Photo: The Mimic Method

စိတ်ဖိစီးမှုများသူတွေဟာ အာရုံစူးစိုက်မှု ပြဿနာ ဖြစ်နိုင်ပြီး မှတ်ဉာဏ်နဲ့ အာရုံစိုက်ခြင်းပေါ် ထိခိုက်စေနိုင်ပါတယ်။ ဟာသဉာဏ် ရွှင်လန်းပြီး ပျော်ပျော် နေတတ်သူတွေဟာ ဖြစ်ရပ်တွေပေါ် မှတ်မိမှု ပိုမြင့်ပါတယ်။ စိတ်ဖိစီးမှုနည်းပြီး အာရုံစူးစိုက်မှု မြင့်စေဖို့အတွက် တရားထိုင်ခြင်း ၊ ယောဂ ကျင့်ခြင်းနဲ့ တိတ်ဆိတ်တဲ့ နေရာမှာ အသက်ရှုလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းမျိုးလည်း လုပ်ပေးသင့်ပါတယ်။

(၅) အာဟာရ မှန်ပါစေ

Photo : SDSU Extension

အစားအသောက်ကလည်း မှတ်ဉာဏ်ပေါ် ဩဇာသက်ရောက်မှု ရှိပါတယ်။ အသီးအရွက် နဲ့ ကောက်ပဲသီးနှံတွေ ၊ သံလွင်ဆီနဲ့ အခွံမာသီးလိုမျိုး ကျန်းမာတဲ့ အဆီတွေနဲ့ ပရိုတိန်းဓါတ်ဟာ မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်ဖို့ အကူအညီပေးနိုင်ပါတယ်။ အဆီများတဲ့ ဆယ်လ်မွန် ၊ တူနာ ၊ ထရော့တ်နဲ့ ဆာဒင်းငါးတွေ ၊ ဖရုံစေ့ ၊ ပဲအမျိုးမျိုးနဲ့ ပန်းဂေါ်ဖီစိမ်းလို အစားအစာတွေ စားပေးသင့်ပါတယ်။