တစ်ခါတစ်လေမှာ ကိုယ့်ကိုမလိုတဲ့သူတွေက စိတ်အနှောင့်အယှက်ပေးတတ်ပါတယ်။ တမင်တကာ ကိုယ့်မကောင်းကြောင်းလိုက်ပြောတာမျိုးတွေ၊ မခံနိုင်အောင် စောင်းမြောင်းပြောဆိုတာမျိုးတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေကို အဖတ်လုပ်ပြီး ပြန်တုံ့ပြန်စရာမလိုပါဘူး။ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူတွေဟာ ကိုယ့်ဘဝအတွက်လည်း ဘာကောင်းကျိုးမှမပေးဘူး အကျိုးပြုနေတာလည်းမဟုတ်တဲ့အတွက် လျစ်လျှူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။
ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေနဲ့ ခပ်ဝေးဝေးမှာနေပါ။ လမ်းဖြတ်လျှောက်လို့ တွေ့မယ်ဆိုရင်တောင် သူတို့နဲ့ဝေးတဲ့နေရာကနေ လျှောက်သွားလိုက်ပါ။ ဒါမျိုးက ကြောက်လို့ရှောင်ပြေးတာမဟုတ်ဘူး။ အဖတ်မလုပ်ချင်လို့ ရှောင်နေလိုက်တာပါ။
သူတို့ပြောနေတာတွေ၊ ပြုမူနေတာတွေကို ပြန်ပြီး မတုံ့ပြန်ပါနဲ့။ ဒီလိုလူမျိုးတွေက သူတစ်ခွန်း ငါတစ်ခွန်း တုံ့ပြန်တာမျိုးကို လိုချင်ကြတာမို့ ကိုယ်က ဘာမှမတုံ့ပြန်ပဲသာ လျစ်လျှူရှုထားလိုက်ပါ။ ကိုယ့်နားလာပြီး တမင်စောင်းမြောင်းပြောနေတာမျိုးဆိုလည်း မကြားချင်ယောင်သာဆောင်နေလိုက်ပါ။ သူတို့ကြောင့် ကိုယ့်စိတ်ကို ညစ်နွမ်းမခံပါနဲ့။
တစ်ခါတစ်လေမှာ သူတို့ဘက်က အရမ်းလာရောတာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ပြောချင်ရာပြောပြီး တစ်ခါတစ်လေ သူမဟုတ်သလိုနဲ့ မျက်နှာပြောင်တိုက်ပြီး လာရောတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုလာရောတိုင်း ပြန်မရောပဲ ခပ်တန်းတန်းပဲနေပါ။ ကိုယ့်နေမြဲပုံစံအတိုင်းပဲ နေလိုက်ပါ။
Photo Source: www.wikihow.com