အမြဲတမ်းကိုယ်ဘက်ကချည်းပဲ့ ချစ်ပေးနေရတာမျိုးကြီးကျတော့ အဆင်မပြေဘူးလေနော်။ ဘယ်သူမဆို ကိုယ်ဘက်ကလည်း အချစ်ခံချင်ကြတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်က ချေမိုးနေပြီး လူတစ်ယောက်ဆီကအချစ်တွေကို ရာခိုင်နှုန်းပြည့်ပြန်ရဖို့ဆိုတာက ထင်သလောက်မလွယ်ပါဘူး။ တစ်ချို့ယောကျာ်းလေးတွေကျပြန်တော့ သူတို့ကိုအမြဲဂရုစိုက်နေတဲ့ မိန်းကလေးထက် နည်းပရိယာယ်လေးသုံးပြီး အချစ်ဒီဂရီအတင်းအလျှော့လုပ်ပေးတတ်တဲ့ မိန်းကလေးမျိုးကို ပိုပြီးတန်းတန်းစွဲဖြစ်နေတတ်ပါတယ်။

ကဲ.. အနွံတာခံအနစ်နာခံပြီးချစ်ပြနေမယ့်အစား ဘယ်လိုပရိယာယ်လေးတွေကို သုံးပြီး ခပ်ချေချေနဲ့အချစ်တွေကို ပြန်လည်သိမ်းယူလို့ရသလဲဆိုတာကို ကြည့်လိုက်ပါအုံးနော်…

သူမရှိရင်မနေနိုင်တာမျိုး မလုပ်ပြမိစေနဲ့

သူမရှိရင်မနေနိုင်ဘူးဆိုတာမျိုး လုံးဝမဖြစ်ပါစေနဲ့။ မိန်းကလေးတွေရဲ့အဓိကပြဿနာက ငါချစ်သလိုသူချစ်မယ်ထင်တာပါပဲ။ အဲဒီတော့ အခြေအနေကိုမသိဘဲ အကုန်ချပြမိတယ်။ ဟိုကကိုယ်ချစ်နေမှန်းသိတော့ ချမကျတော့ရော။ သူ့ကို အချိန်ပေးလိုက်ပါ။ ကိုယ်ကရေလိုက်ငါးလိုက်လေးနဲ့ အရမ်းတွေချစ်ပြမနေဘဲ တကယ်ဂရုစိုက်သင့်တာတွေကိုမှ ဂရုစိုက်ပြီး တကယ်ပြောသင့်တာတွေကိုပဲ ပြောပါ။ သူ့ဘက်ကသေချာပြီ။ ကိုယ့်ကိုလည်း သူ့အချစ်တွေချပြလာပြီဆိုမှ ကိုယ့်အချစ်တွေကိုလည်း ပြန်ပေးလိုက်ပါ။ Level ညှိပြီးပဲသွားပါ။

အမူအရာတွေ သိပ်အကဲပိုမပြပါနဲ့

အပေါ်ကအချက်နဲ့ သိပ်တော့မကွာပါဘူး။ အရမ်းကြီးချစ်ပြတာတွေ၊ အရမ်းကြီးသည်းပြတာတွေ မလုပ်ဖို့ပါပဲ။ ဟိုက Good night တစ်ကြောင်းလောက်ပို့ရင် ကိုယ်က GN လောက်ပဲ ပြန်ပို့လေ။ အဲဒီလိုမဟုတ်ဘဲ အိမ်မက်လှလှမက်ပါစေ။ လွမ်းတယ်။ ချစ်တယ်။ မနက်ကျမှတွေ့မယ် ဘာညာလေရှည်နေရင်တော့ သူ့အချစ်တွေကို သင်မြင်ရဖို့မလွယ်ပါဘူး။ လူဆိုတာ လျှို့ဝှက်တတ်မှ ပိုစိတ်ဝင်စားခံရသလို ခက်ခဲမှလည်းပိုလိုချင်တတ်ကြပါတယ်။ နောက်ပြီး သဝန်တိုတာတွေ၊ ချုပ်ချယ်တာတွေကိုလည်း ဖြစ်နိုင်ရင်မလုပ်ပါနဲ့။ သူ့စိတ်ကြိုက်ပေးရွေးချယ်ခွင့်ပြုထားပြီး ကိုယ်နဲ့သင့်တော်၊ မသင့်တော်၏ဆိုတာကို ကိုယ့်ဦးနှောက်နဲ့ပဲ စဉ်းစားပါ။

ကိုယ့်လောက်ဘယ်အရာမှ အရေးမကြီးဘူးဆိုတာ သတိရပါ

လူဆိုတာလေ ကိုယ့်ကိုယ်ကိုမှ မချစ်တတ်ရင် ကိုယ့်ကိုချစ်တဲ့သူဆိုတာလည်း ရှိလာမှာမဟုတ်ဘူး။ ဖုန်းလာတိုင်း အလောတကြီးပြေးကိုင်တာမျိုးတွေ၊ ကိုယ့်အလုပ်နဲ့ ကိုယ်မအားတာတောင် သူ့အတွက်အချိန်ပေးလိုက်တာမျိုးတွေ၊ တွေ့လိုက်ဖို့ပြောတိုင်း မငြင်းဘဲအကုန်လိုက်လျောနေတာမျိုးတွေက သင့်ဆွဲဆောင်မှုကို လျော့ကျစေနိုင်ပါတယ်။ အမြဲကိုယ့်ကိုယ်ပဲ ရှေ့တန်းတင်ပါ။ တကယ်သူ့ကိုအချိန်ပေးသင့်တဲ့အခါမျိုးမှာဆိုရင်တော့ သူ့ပေးလိုက်ပေါ့။ မဟုတ်ဘဲ (၂၄) နာရီနဲ့ (၇) ရက်လည်း အမြဲသူ့အတွက် အဆင်သင့်ရှိနေပါတယ်ဆိုပြီး လည်ပင်းစာဆွဲထားတာမျိုးက တစ်ဖက်လူအတွက် ပျင်းစရာသိပ်ကောင်းပါတယ်။ ကိုယ်ပိုင်ဘဝမရှိတဲ့သူ၊ တွယ်ကပ်တတ်တဲ့သူ၊ လုပ်စရာအလုပ်မရှိတဲ့သူဆိုပြီး တစ်ဖက်လူအထင်လွဲအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မဆွဲချမိပါစေနဲ့။

ကိုယ့်ဆန္ဒတွေကိုလည်း ပြန်ကြည့်တတ်ဖို့ မမေ့ပါနဲ့

ချစ်တိုင်းလည်း အလိုလိုက်စရာမလိုပါဘူး။ သူသွားချင်တဲ့နေရာ၊ သူကြည့်ချင်တဲ့ရုပ်ရှင်၊ သူထွက်ချင်တဲ့ ခရီးစတာတွေကို တစ်ခါ၊ နှစ်ခါ၊ အလွန်ဆုံး သုံး၊ လေးခါ လိုက်သွားပေးတာလောက်က သိပ်ပြဿနာကြီးကြီးမားမားမရှိပါဘူး။ ချစ်တာကိုး။ ဖြည့်ဆည်းပေးရမယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ အဲဒီထက်ပိုလာမယ်ဆိုရင်တော့ ပြန်တွေးပါ။ သူဆိုရင်ရော ကိုယ့်ကိုလုပ်ပေးနိုင်ပါ့မလား။ ဒါတွေကကြာလာရင် သိမ်ငယ်စရာတွေဖြစ်လာမှာပါ။ ဘယ်လောက်ချစ်ချစ် ကိုယ့်ဘက်ကချည်းလုပ်ပေးနေရတာတွေများလာရင် ကိုယ့်ဖြစ်တည်မှုကို ကိုယ်သိမ်ငယ်လာပါလိမ့်မယ်။ ဒါကြောင့် သူ့ကိုလည်း သင်လုပ်စေချင်တဲ့အရာတွေရှိကြာင်း ပြောပြပါ။ ညှိယူပါ။ ဆန္ဒထုတ်ဖော်တတ်တဲ့ မိန်းကလေးမျိုးပဲ ဖြစ်ပါစေ။

အလျှော့အတင်းလေးလည်း ထားပါ

အမြဲတမ်းတင်းနေပြန်ရင်လည်း ကိုယ့်ချစ်သူက ငါထားထားတာ ရည်းစားလား။ ကျောက်တုံးကြီးလားလို့ ထင်သွားပါလိမ့်မယ်။ ကိုယ်မှာချစ်တတ်တဲ့စိတ်လေးရှိသေးတယ်ဆိုတာလည်း သူသိထားဖို့လိုပါမယ်။ သူ့အတွက် အခွင့်အရေးရှိသေးတယ်ပေါ့။ ကြိုးစားရင်ဖြစ်နိုင်သေးတယ်ပေါ့။ လိမ္မာရင် ကိုကို့အတွက်ကြီးပဲ ဖြစ်သွားမယ်ပေါ့။ အဲဒီလိုအနေအထားမျိုးရှိတယ်ဆိုတာ သူသိထားဖို့လိုပါတယ်။ ဒါကြောင့် တင်းချိန်တန်တင်း၊ လျှော့ချိန်တန်လျှော့ပါ။

သဝန်တိုအောင်လုပ်ပါ

အရမ်းရိုးရှင်းပါတယ်။ တစ်ခုရှိတာက ကိုယ်ဆိုတာအသိုင်းအဝိုင်းပျောက်နေတဲ့ မိန်းကလေးလိုမျိုး အဖြစ်မခံပါနဲ့။ ချစ်တယ်ဆိုတာကို ရှေ့တန်းတင်ပြီး သူ့ကိုပဲဦးစားပေး၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ဝေးသွားတဲ့အခါ နောက်ပိုင်းကိုယ်ပဲ အဖော်မဲ့လာပါလိမ့်မယ်။ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မဖြတ်ပါနဲ့။ အခင်အမင်မပြတ်စကားပြောပေးပါ။ ငါ့ကိုချစ်ရင် ငါ့တစ်မျက်နှာပဲရွာထင်ဆိုတဲ့ခေတ်က ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။

သူ့အတိုင်းလိုက်လုပ်ပါ

သင့် Message ပို့ထားတာကို သူမပြန်ဘူးမို့လား။ ဘာလို့မပြန်လဲမမေးနဲ့။ မပေါက်ကွဲပြနဲ့။ သူ့အတိုင်းပြန်လုပ်ပါ။ ဖုန်းမခေါ်နဲ့။ Message မပို့နဲ့။ အားသုံးပြီး ကိုင်တွယ်လို့ရတဲ့အရာထဲမှာ အချစ်ဆိုတဲ့အရာမပါပါဘူး။ ရှိပါစေ။ လွှတ်ထားလိုက်ပါ။

လူဆိုတာ မမြင်ရတဲ့အရာမျိုးကိုမှ ပိုသိချင်လေ။ မတူညီတဲ့အရာမျိုးကိုမှ ပိုစိတ်ဝင်စားတတ်လေမို့လို့ ကိုယ့်အထာနဲ့သာ ကိုယ်နေပါ။ ကိုယ်မရှိလို့သူအဆင်ပြေတယ်ဆိုလည်း ဝမ်းမနည်းနဲ့လေ။ အချိန်မလွန်ခင်သိလိုက်ရလို့ အမြတ်တောင်ထွက်ပါသေးတယ်။ ကိုယ့်ဘဝကိုယ်သာထိပ်ဆုံးထိရောက်အောင်မြှင့်တင်ထားပါ။ သင့်တန်ဖိုးနဲ့ သင့်စိတ်ရင်းကိုသိတဲ့သူက သင့်နောက်က အလိုလိုနောက်ကလိုက်လာပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးခွင့် ဘယ်တော့မှမပေးလိုက်ပါနဲ့။