Waxing လုပ်တာက အသားအရေကိုချောမွတ်စေပြီး အမွှေးထွက်နှုန်းကို လျှော့ချပေးပါတယ်။ Waxing ကို များသောအားဖြင့် ချိုင်းနဲ့ခြေသလုံးက အမွှေးအမျှင်တွေဖယ်ရှားရာမှာ အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် Waxing လုပ်တဲ့အခါ Wax အပူကို နူးညံ့တဲ့အရေပြားပေါ်တင်ခြင်းကြောင့် အနည်းနဲ့အများ အသားအရေအပူလောင်နိုင်တာကိုတော့ သတိထားပေးဖို့လိုပါတယ်။ အပူလောင်ဒဏ်ရဲ့နောက်ဆက်တွဲ အနေနဲ့လည်း အရေပြားနီမြန်းခြင်းနဲ့ညိုမဲခြင်းတွေဖြစ်တတ်တာကြောင့် ဒါတွေကိုပြန်လည်ကုသနိုင်ဖို့ Waxing လုပ်ပြီးနောက် ပြုလုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေအေးအေးနဲ့ဆေးချပါ

အပူလောင်ထားတဲ့နေရာတစ်ဝိုက်ကို ၁၀မိနစ် မှ ၁၅ မိနစ်အထိ ရေအေးအေးနဲ့ အဆက်မပြတ်လောင်းချပေးပါ။ ဒီလိုပြုလုပ်ပေးတာက ဒဏ်ရာကို ခပ်မြန်မြန်အပူကျစေပြီး နောက်ဆက်တွဲ အမာရွတ်ကျန်တာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၂။ ကာကွယ်ပေးရပါမယ်

Waxing ပြုလုပ်ထားတဲ့အရေပြားက ပုံမှန်ထက် Sensitive ဖြစ်နေတတ်တာကြောင့် နေရောင်တိုက်ရိုက် ထိခြင်း၊ ပြင်ပကပိုးမွှားဝင်ရောက်ခြင်းစတဲ့ပြဿနာတွေမဖြစ်အောင်ကာကွယ်ထားဖို့အရေးကြီးပါတယ်။ ဒါကြောင့် နေပူထဲထွက်ရတဲ့အခါမှာ Sunscreen လိမ်းပေးပါ။ များသောအားဖြင့် Waxing လုပ်ထားတဲ့ နေရာတစ်ဝိုက်ကို အဝတ်နဲ့ ကွယ်ပြီး ဝတ်ဆင်ဖို့လိုပါတယ်။

၃။ အစိုဓာတ်ထိန်းနိုင်တဲ့ Cream (သို့) Lotion တစ်မျိုးလိမ်းပေးပါ

အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် Body Lotion အနည်းငယ်ကို Wax လောင်ထားတဲ့နေရာတစ်ဝိုက်မှာ ခပ်ဖွဖွပုတ်ပြီးလိမ်းပေးဖို့လိုပါတယ်။ ဒါက သင့်အရေပြားမှာ အနီကွက်နဲ့ အမာရွတ်ကျန်တာတွေမရှိအောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၄။ သခွားသီးဖျော်ရည်အသုံးပြုပါ

သခွားသီးရဲ့အအေးဓာတ်ကလည်း အသားအရေကိုကြည်လင်အေးမြစေပြီး အပူလောင်ခြင်းကို သက်သာစေပါတယ်။ အသုံးပြုရမယ့်နည်းကတော့ လတ်ဆတ်တဲ့သခွားသီးဖျော်ရည်ကို သံပရိုရည် သုံး၊ လေးစက်နဲ့အတူရောမွှေပေးရမှာပါ။ ပြီးနောက် မွှေထားတဲ့အရည်ကို ဝါဂွမ်းအသန့်နဲ့အနည်းငယ်ဆွတ်ပြီး အပူလောင်ထားတဲ့ အရေပြားပေါ်ဖြေးဖြေးချင်းလိမ်းပေးရမှာဖြစ်ပါတယ်။

၅။ သဘာဝအုန်းဆီလိမ်းပေးပါ

အုန်းဆီက အရေပြားနီမြန်းခြင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကိုသက်သာစေပါတယ်။ သဘာဝအုန်းဆီကို အရေပြားပေါ်တိုက်ရိုက်လိမ်းပေးတာက အပူလောင်ခြင်းကြောင့် ရောင်ရမ်းနေတဲ့အရေပြားကိုသက်သာစေပြီး အသားအရေအစိုဓာတ်လည်းရရှိစေပါတယ်။

၆။ ရှားစောင်းလက်ပတ် Gel လိမ်းပါ

ရှားစောင်းလက်ပတ်က အပူဒဏ်တွေကို ထိထိရောက်ရောက်သက်သာစေတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားရောင်ရမ်းမှုနဲ့ ဘက်တီးရီးယားပေါက်ဖွားခြင်းတွေကိုလည်း တားဆီးပေးတာကြောင့် ဓာတုပစ္စည်းမပါဝင်တဲ့ သဘာဝရှားစောင်းလက်ပတ် Gel ကို အပူလောင်ထားတဲ့နေရာတစ်ဝိုက် လိမ်းပေးဖို့ အကြံပြုချင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar