သင်က ပေါင်တိုစကပ်၊ ဘောင်းဘီတိုလေးတွေ ဝတ်ချင်ပေမယ့် ဒူးမည်းလို့ ဒါမှမဟုတ် ခြေထောက် အသားအရေ ညစ်နေလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးဆိုရင်တော့ ဒီအကြောင်းအရာကို ဆက်ဖတ်ပေးပါနော်။ သင့်ခြေထောက် အသားအရေက မျက်နှာ အသားအရေလိုပါပဲ။ ပုံမှန်လေး ဂရုတစိုက်ထိန်းသိမ်းသွားမယ်ဆိုရင် အသားအရေ နဂိုထက် သန့်ပြီး ပြောင်ပြောင် ကြည်ကြည်လေး ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ပျိုမေတို့အနေနဲ့ အမြဲသတိရနေဖို့က ဘယ်လို အသားအရေပဲ ဖြစ်နေနေ သင်ဝတ်ချင်တဲ့ ဖက်ရှင်ပုံစံကို ဝတ်နိုင်တယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ ခြေထောက်အသားအရေကို ဂရုတစိုက် ထိန်းသိမ်းပေးမယ်ဆိုရင် မဖြူသေးသည့်တိုင်အောင် အတိုဝတ်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ခြေထောက်ကို အမွှေးအမျှင်ကင်းစင်အောင်ထားပါ

Photo Source: InStyle

တစ်ခါတလေ သင့်ခြေသလုံးမှာ အမွှေးအမျှင်တွေ ရှိနေတယ်ဆိုရင် နဂိုအသားအရေ ထက် ပိုညိုတယ်လို့ ထင်ရစေပါတယ်။ ခြေထောက်အမွှေးတွေ ရှင်းလိုက်တဲ့အခါ အသားအရေ ပိုလင်းသွားပြီး နဂိုထက် ချောမွေ့သွားပါလိမ့်မယ်။

၂။ ခြေထောက် Scrub တိုက်ပေးပါ

Photo Source: Pinterest

ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်အလိုက် Body Scrub မျိုးစုံရှိပါတယ်။ Body Scrub ကို ပုံမှန်လေး ထိထိရောက်ရောက် သုံးနိုင်မယ်ဆိုရင် သင့်ခြေထောက် အသားအရေ နဂိုထက် ပိုကြည်လင်ပြီး ဖြူလာပါလိမ့်မယ်။ အသားအရေ အစိုဓာတ်ရပြီးချောမွေ့အောင် Sugar Scrub သုံးနိုင်ပြီး ကော်ဖီ Scrub က အသားပြတ်ရာတွေကို သက်သာစေပါတယ်။

၃။ Body Oil သုံးပါ

Photo Source: Aromantic-UK

မော်ဒယ်တွေ Runway မှာ လမ်းလျှောက်တဲ့အခါ ခြေထောက်က ပြောင်ပြီး Glow နေတာကို သင်မြင်ဖူးမှာပါ။ သင့်ခြေထောက် စိုပြေတောက်ပနေဖို့ Body Oil ကို သုံးပေးသင့်ပါတယ်။ အသားအရေ တောက်ပြောင်သွားတဲ့အခါ ဒူးညိုတာလည်း သိပ်မသိသာတော့ပါဘူး။ Body Oil မရှိရင် Vaseline ကို အသုံးပြုနိုင်ပါတယ်။

၄။ ခြေထောက် Mask သုံးပေးပါ

Photo Source: Skimono

မျက်နှာမှာ သုံးတဲ့ Facial Mask ရှိသလို Foot Mask လည်း ရှိပါတယ်။ Foot Mask ကို ပုံမှန်သုံးပေးသင့်ပါတယ်။ Foot mask က ခြေထောက် အနံ့ထွက်တာကို သက်သာစေတဲ့အပြင် အသားအရေကို စိုပြေနူးညံ့စေပါတယ်။

၅။ Vaseline လိမ်းအိပ်ပါ

သင့်ခြေထောက်ကို နဂိုထက် စိုပြေနူးညံ့စေဖို့ Vaseline ကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက ခြေဖမိုး စိုပြေဖို့အတွက် အဓိက ရည်ညွှန်းပါတယ်။ သင်လိုချင်တဲ့ အစိတ်အပိုင်းအလိုက် Vaseline လူးပေးကာ ခြေအိတ်စွပ်ပြီး အိပ်ရပါမယ်။ နောက်တစ်နေ့ သင့်ခြေထောက် ပိုစိုပြီး နူးညံ့လာတာကို သတိထားမိပါလိမ့်မယ်။

၆။ ခြေထောက်ပိုဖြူလာဖို့

Photo Source: Popsugar

သခွားသီးနဲ့ သံပယိုသီးကို ဆားနဲ့ ပွတ်ဆေးပေးရပါမယ်။ ပြီးနောက် သခွားသီးကို အခွံခွာကာ ကျိတ်စက်နဲ့ ကျိတ်ပေးရပါမယ်။ ပြီးနောက် သခွားသီးအနှစ်ထဲ သံပယိုရည် ညှစ်ပေးရပါမယ်။ပြီးနောက် ဒီအရောကို ခြေထောက်ပေါ် လိမ်းပေးရပါမယ်။ အာနိသင်ပိုစိမ့်ဝင်အောင် ကြားထဲမှာ Cotton Pad တစ်ဆင့်ခံပြီး ဒီအပေါ်ကို အနှစ်ရည် သွန်လောင်းချနိုင်ပါတယ်။ ၁၀ မိနစ် ထားပြီးနောက် ရေဆေးချရပါမယ်။

By MyStyle Myanmar