အောင်မြင်တဲ့လူတွေဆိုတာ စိတ်ဖိစီးမှု အများဆုံးပုဂ္ဂိုလ်တွေပါပဲ။ စိတ်ဖိစီးမှုကြုံတာချင်းအတူတူ ဒါကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူဟာ ဘဝပြဿနာတွေကို ပိုပြီးကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပြီး အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ဘဝမှာ ထိပ်တန်းရောက်အောင်မြင်သူတွေဟာ သူတို့နေ့စဉ်ကြုံနေရတဲ့ စိတ်ဖိစီးမှုပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပြီး အောင်မြင်တဲ့ဘဝကို တက်လှမ်းသွားတာပါ။ ဒီတော့ အောင်မြင်သူတွေရဲ့Stress ကိုင်တွယ်တဲ့နည်းတွေကို သိထားဖို့ လိုပါတယ်။
(၁) အသက်ပြင်းပြင်းရှုတယ်
ထိပ်တန်းရောက်အောင်မြင်သူတွေဟာ စိတ်ပင်ပန်းစရာတွေ ကြုံလာရင် အသက်ပြင်းပြင်းရှုဖို့ သတိရကြပါတယ်။ အသက်ပြင်းပြင်းရှုသွင်းခြင်းဟာ Fight or Flight လို့ ခေါ်တဲ့ တိုက်မလား/ပြေးမလားဆိုတဲ့ တုံ့ပြန်လိုစိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
အသက်ရှုခြင်းအားဖြင့် ဇီဝကမ္မဆိုင်ရာ ကောင်းကျိုးတွေလည်း ပေးပါတယ်။ ၁၀ စက္ကန့်လောက် အသက်ပြင်းပြင်းရှုလိုက်တာနဲ့ အာရုံစိုက်နိုင်စွမ်းပိုတက်လာသလို စိတ်ဖိစီးမှုလည်း သက်သာလျော့ပါးစေနိုင်ပါတယ်။
(၂) တရားမှတ်တာ လုပ်တယ်
သတိနဲ့ကိုယ်မှာ စိတ်မှာ ဖြစ်နေတဲ့ အခြင်းအရာတွေကို ရှုမှတ်တာကို တရားထိုင်တယ်လို့ ဆိုတာပါ။ သတိပဌာန်နည်းနဲ့ တရားထိုင်တာဟာ လက်ရှိပစ္စုပ္ပန်စိတ်ခံစားမှု ၊ ကိုယ်ခံစားမှုတွေကို ဖြစ်တိုင်း သိသိပေးနေတာ ဖြစ်လို့ သတိရှိလာစေပြီး စိတ်ပူပန်မှုကင်းဝေးစေတာပါ။ အောင်မြင်မှုရနေတဲ့လူတွေဟာ နေ့စဉ်အချိန်တစ်ခု ထားပြီး တရားရှုမှတ်မှု လုပ်လေ့ရှိပါတယ်။
(၃) အကောင်းမြင်မှုကို အာရုံပြုတယ်
ပြဿနာနဲ့ စိတ်ဖိစီးစရာတွေကြုံလာချိန်မှာ ဒီပြဿနာတွေနဲ့အတူ တွေ့လာတဲ့ မျှော်လင့်ချက် ၊ လမ်းစနဲ့ အခွင့်အလမ်းတွေကိုလည်း ကြည့်တတ်ဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုဆိုတာ ကိုယ့်ဘဝကို ပိုပြီး တိုးတက်စေမယ့်အရာဆိုတာ သိရရင် စိတ်ဖိစီးမှုကို ရှောင်မပြေးဘဲ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်လိုတဲ့စိတ် ဖြစ်လာမှာပါ။ ဒါကြောင့် အကောင်းဘက်ကနေ စိတ်ဖိစီးမှုကို ကြည့်တတ်အောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။
(၄) အကန့်ထားတယ်
အောင်မြင်နေတဲ့လူတွေကို ကြည့်လိုက်ရင် သူတို့ဘဝကို အကန့်ကန့် ၊ အပိုင်းပိုင်း ခွဲခွဲပြီး ထားတတ်တဲ့ အကျင့်ရှိတာ တွေ့ရမှာပါ။ ပုံမှန်လူတွေအနေနဲ့ နေ့စဉ်ဘဝမှာ လုပ်ဖို့ အခက်ဆုံးအရာတစ်ခုက စိတ်ဖိစီးစရာတွေကို နေရာတိုင်း သယ်မသွားဖို့ ၊ စိတ်ဖိစီးမှုနဲ့ ကိုယ့်လူမှုဘဝကို ခွဲထားဖို့လိုပါတယ်။ စိတ်ကို ဟန်ချက်မျှအောင် ထားတတ်လေလေ စိတ်ဖိစီးမှုက သက်သာရာရလေလေပါပဲ။
(၅) အစားအသောက်ဆင်ခြင်တယ်
အစားအသောက်ကလည်း လူရဲ့ စိတ်ပေါ် သက်ရောက်မှုရှိတာပါပဲ။ ကိုယ်စားလိုက်တဲ့ အစားအသောက်ဟာ စိတ်ကျန်းမာရေး အားပေးတဲ့ အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ဖြစ်ဖို့တော့ လိုပါတယ်။ အောင်မြင်နေတ့လူတွေဟာ ပရိုတိန်းမြင့်တဲ့ အစားအသောက်တွေ စားတယ် ၊ ကဖိန်းနဲ့ သကြားစားသုံးမှု စည်းကမ်းထားတယ်။ ရေများများသောက်ပြီး အသီးအရွက်လတ်လတ်ဆတ်ဆတ်တွေ စားတဲ့အကျင့် ရှိပါတယ်။