ငယ်ဘဝမှာ သူငယ်ချင်းတွေစုံစုံညီညီနဲ့ ပျော်ဖို့ကောင်းပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ အလုပ်တာဝန်တွေ၊ ဘဝအခြေအနေတွေကြောင့် အခင်ဆုံးသူငယ်ချင်းတွေဟာ ဝေးကွာသွားတတ်ကြပါတယ်။ ကိုယ်က အချိန်မရွှေ့ပေးနိုင် သူကလည်း မအားလပ်နဲ့ တစ်ခါတွေ့ဖို့က ခက်ခက်ခဲခဲ ချိန်းရတတ်ပါတယ်။ သင်က ဒီလို ကြုံတွေ့နေရသူဆိုရင်တော့ ဒီနည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။
၁။ ဖုန်းနဲ့ စကားပြောပါ
အလုပ်များလွန်းတယ်ဆိုရင်တောင် အခင်ဆုံးသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်သင့်ပါဘူး။ သူ့ဘက်က ကိုယ့်ကို မဆက်သွယ်ရင်တောင် ကိုယ့်ဘက်က နားလည်ပေးပြီး သူ့ကို ဆက်သွယ်သင့်ပါတယ်။ သူမခေါ် ကိုယ်မခေါ် ဆိုရင်တော့ ကြာလေ ဝေးလေ ဖြစ်လာပါလိမ့်မယ်။
၂။ ကိုယ့်နေ့စဉ်ကိစ္စတွေမှာ သူငယ်ချင်းတွေကို ခေါ်ပါ
နေ့စဉ်ကိစ္စဆိုတာ လုပ်ငန်းစီးပွားရေးအပြင် တခြားကိစ္စအဝဝ ပါ ပါဝင်ပါတယ်။ သပ်သပ်ကြီးချိန်းတာမျိုးမဟုတ်ဘဲ သင့်ရဲ့ နေ့စဉ် တစ်နေ့တာမှာ သူ့ကိုပါ ဖိတ်ခေါ်တာမျိုးပါ။ ဥပမာ သူနဲ့ Gym တူတူဆော့လို့ရပါတယ်။ အလုပ်ကိစ္စတစ်ခုခုကို သူနဲ့ အတူတူတွဲလုပ်နိုင်ပါတယ်။
၃။ တစ်ခါတွေ့ရင် အုပ်စုလိုက်တွေ့ပါ
လုံးဝမအားရင်တောင် အားလို့ တွေ့ဖြစ်တဲ့အချိန် နှစ်ယောက်တည်း တွေ့တာထက် သူငယ်ချင်းအုပ်စုလိုက်ကြီးတွေ့တာ ကောင်းပါတယ်။
၄။ သင် မအားကြောင်းရှင်းပြပါ
အလုပ်များတဲ့သူတွေက အထီးကျန်တတ်ပါတယ်။ သူတို့က သူငယ်ချင်းချိန်းဆိုတဲ့ အချိန်တိုင်း ငြင်းဆိုတတ်မှုကြောင့်ပါ။ သင့်အနေနဲ့ လုံးဝ မအားဘူးဆိုရင် ဘယ်နှစ်ရက်နီးပါး မအားဘူး။ ဘယ်တော့အားမယ် စသဖြင့် သူငယ်ချင်းတွေကို ပြောပြထားသင့်ပါတယ်။
၅။ အမှန်တကယ်အချိန်ပေးပါ
သူ မအား ကိုယ်မအားနဲ့ တစ်ယောက်မှ အလျှော့မပေးသရွေ့ အဆင်ပြေမှာမဟုတ်ပါဘူး။ အချိန်ဆိုတာ ကိုယ်လုပ်ချင်စိတ်ရှိရင် အမှန်တကယ် အချိန် ပေးနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကိစ္စကို ဦးစားပေးသလို သူငယ်ချင်းတွေကိုလည်း ဦးစားပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar