ကိုယ်နဲ့အရင်းနှီးဆုံး သူငယ်ချင်းကို “ငါဘာပေးလုပ်ရမလဲ” ဆိုတာမျိုး မေးဖူးကြမယ်ထင်ပါတယ်။ သူငယ်ချင်းတစ်ယောက် စိတ်ဓာတ်ကျအားငယ်နေချိန်မှာ အားပေးနှစ်သိမ့်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒါပေမယ့် သူတို့လိုအပ်နေတဲ့အချိန်အနားမှာရှိပေးပြီး အားပေးနေမယ်ဆိုရင် သူတို့တွေရဲ့စိတ်ထဲမှာ သင်ဟာ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ အမှတ်ရသွားပါလိမ့်မယ်။ ဒီနေ့ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေကို ဘယ်လိုအားပေးနှစ်သိမ့်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

လက်ဖြင့်ရေးထားတဲ့ စာပို့ပေးပါ

စာရွက်လှလှလေးပေါ်မှာ သူငယ်ချင်းအတွက် မှင်လှလှလေးနဲ့ ကိုယ်တိုင်စာရေးပြီးပို့ပေးပါ။ အရေးကြီးဆုံးကတော့ သင်ရေးလိုက်တဲ့စာဟာ သူငယ်ချင်းမျက်နှာပေါ်မှာ အပြုံးပန်းပေါ်လာစေမယ့် စာမျိုးဖြစ်ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင်က သူ့အတွက် တွေးပေးရာရောက်ပါတယ်။

အိမ်မှုကိစ္စကူလုပ်ပေးတာ (သို့) ဈေးဝယ်ထွက်ပေးတာတွေ လုပ်ပေးပါ

အဝတ်လျှော်တာ၊၊ ဈေးထွက်ဝယ်ပေးတာ၊ အိမ်သန့်ရှင်းရေးကူလုပ်ပေးတာက စိတ်ဓာတ်ကျနေတဲ့သူ အားငယ်နေတဲ့လူကို အားပေးနှစ်သိမ့်ရာရောက်ပါတယ်။ ဒီလိုတွေလုပ်ပေးမယ်လို့ သူ့တို့အနေနဲ့ ထင်ထားချင်မှ ထင်ထားပါလိမ့်မယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သူတို့တွေက သင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။

ပျော်ရွှင်စေတဲ့ (သို့) မျှော်လင့်ချက်တွေရှိလာစေတဲ့ သီချင်းတွေပို့ပေးပါ

တစ်ခါတစ်လေ အတွေးတွေကို စကာလုံးစီပြီး ပြောရတာက ခက်ခဲပါတယ်။ သင့်အတွေးနဲ့ ကိုက်ညီတဲ့ သီချင်းတွေ (သို့) အကြိုက်ဆုံးသီချင်းတွေ (သို့) သူငယ်ချင်းကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ သီချင်းတွေကို ပို့ပေးလိုက်ပါ။ သီချင်းက လူတစ်ယောက်ရဲ့ ခံစားချက်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

ဖုန်းပြောပေးပါ

“Like” တွေ “emoji” တွေသာ ပေးတတ်တော့တဲ့ ဒီနေ့လိုခေတ်ကြီးမျိုးမှာ ဖုန်းခေါ်ဆိုမှုက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို မေ့နေကြတယ်။ မိနစ် (၃၀) ခန့် ဖုန်းပေါ်ကနေ စကားပြောပေးခြင်းက စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတစ်ယောက်ကို စိတ်ချမ်းသာရာရစေပါတယ်။

အတူအပြင်ထွက်ပါ

စိတ်ညစ်နေချိန်မှာ သူငယ်ချင်းဖြစ်သူက အိမ်ထဲမှာပဲ နေချင်မှာပါ။ ဒါကြောင့် သင်ကသူ့ကို ရုပ်ရှင်ကြည့်ဖို့၊ လမ်းလျှောက်ထွက်ဖို့၊ ညစာထွက်စားဖို့၊ အားကစားလုပ်ဖို့ ခေါ်ထုတ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းကြောင့် တစ်ယောက်တည်းငေးငိုင် စိတ်ညစ်နေတာမျိုးမဖြစ်စေတော့ဘဲ အပြင်လောကရဲ့သာယာမှုအောက်မှာ စိတ်ကြည်လင်မှုကို ခံစားရစေမှာပါ။