ဆံပင်အရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လို ဆံကေသာထုတ်ကုန်ပစ္စည်းတွေက ဆံပင်အရှည်မြန်အောင် ကူညီပေးနိုင်မလဲဆိုတာကို စဉ်းစားခန်းဝင်နေပါသလား။

သဘာဝအတိုင်း ဆံပင်အရှည်မြန်အောင် ဖန်တီးချင်တဲ့သူတို့အတွက် နည်းလမ်းကောင်းအချို့ရှိပါတယ်။

ဆံပင်သန်ခြင်း မသန်ခြင်းဟာ မျိုးရိုးဗီဇနှင့်လည်း များစွာသက်ဆိုင်ပါတယ်။ ဆံပင် အရှည်မြန်အောင် ဆံပင်သန်ချင်တဲ့သူတို့အတွက် မှော်ဆေးနည်းတွေ မရှိသေးပေမယ့် သဘာဝ နည်းလမ်းကောင်းတွေတော့ ရှိပါသေးတယ်။

အုန်းနို့အသုံးပြုပါ

အုန်းနို့ထဲတွင် ဆံကေသာအတွက် လိုအပ်တဲ့ သံဓာတ်၊ ပိုဆက်စီယမ်ဓာတ်နှင့် သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ ရယ်ဒီမိတ်အုန်းနို့ထက် လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ အုန်းနို့က ပိုပြီးအာနိသင်ရှိပါတယ်။

အုန်းနို့အနည်းငယ်ကို သံပုယိုရည် (သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ထားပါ)၊ လာဗန်ဒါအဆီ ၄ စက်ခန့်တို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။

ထို့နောက် ဆံကေသာ အရင်းကနေ အဖျားအထိ လိမ်းကျံပေးလိုက်ပါ။ ၄ နာရီ၊ ၅ နာရီခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တော့မှ ခေါင်းလျှော်ချလိုက်ပါ။

ကြက်ဥနဲ့ ပေါင်းတင်ပါ

ကြက်ဥထဲတွင် ဆာလဖာ၊ ဇင့်၊ သံဓာတ်၊ ဆယ်လီနီယမ်၊ ဖော့စဖရပ်နှင့် အိုင်အိုဒင်းဓာတ်တို့ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များသည် ဆံကေသာ ကျန်းမာသန်စွမ်းအောင် ကူညီပေးနိုင်ပါတယ်။

ကြက်ဥအကာတစ်လုံးကို ပန်းကန်လုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ သံလွင်ဆီ အသုံးမပြုချင်ပါကလည်း လာဗန်ဒါအဆီကို အသုံးပြုနိုင်ပါတယ်။

သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ရေအေးအေးလေးနှင့် ခေါင်းလျှော်ချလိုက်ရုံပါပဲ။

အရေးအကြီးဆုံးတစ်ချက်

ဒါ့အပြင် အရေးအကြီးဆုံးတစ်ချက်ကတော့ ဆံပင်ကို အစိုဓာတ်ထိန်းပေးရမှာပဲ ဖြစ်ပါတယ်။ ဆံပင်ကို အစိုဓာတ် ထိန်းပေးဖို့အတွက်နဲ့ အမြဲတမ်း နူးညံ့ပျော့ပျောင်းနေဖို့အတွက်ဆိုရင် ခေါင်းလျှော်ပြီးတိုင်းမှာ ဆံကေသာကို Conditioner နဲ့ ထပ်လျှော်ပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ်ဆောင်ရန်အချက်တစ်ခုကတော့ ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားကိုလည်း အမြဲတမ်းသန့်ရှင်းနေအောင်ထားပါ။ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်မှ အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်အထိသာ ခေါင်းလျှော်သင့်ပါတယ်။