ကိုယ်သဘောကျတဲ့သူက ကိုယ့်ကို ပြန် သဘောကျခြင်းက ရင်ခုန်ဖို့ ကောင်းသလို ပျော်ရွှင်ကြည်နူးဖို့ ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါ။ ဒီလို ပြန်သဘောကျဖို့ကလည်း ဒီနေ့ခေတ်မှာ ခက်ခဲလွန်းတာကြောင့် ပြန်သဘောကျခံရတဲ့ မိန်းကလေးတွေက ကံကောင်းလွန်းသလို တော်လွန်းတဲ့ မိန်းကလေးတွေပါ။ သင်က ဒီလို မိန်းကလေးတွေထဲ ပါချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို ပြုလုပ်ကြည့်သင့်ပါတယ်။

၁။ သူတို့ အမူအရာအတိုင်း လိုက်လုပ်ပါ

လူတစ်ယောက်ကို သဘောကျရင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ မလိုပေမယ့် အားထုတ်မှုလေး တစ်ခုတော့ လိုအပ်ပါတယ်​။ လူတွေက ကိုယ်နဲ့ အမူအရာတူတဲ့၊ စကားပြောတာ တူတဲ့ သူတွေအပေါ် စိတ်ဝင်စားတတ်ပါတယ်​။ သင်က သူသုံးလေ့ရှိတဲ့ Emoji တွေ၊ ပြောလေ့ရှိတဲ့ စကားတွေ၊ အမူအရာတွေအတိုင်း လုပ်ကြည့်သင့်ပါတယ်။

၂။ သူနဲ့ စကားပြောတဲ့ အချိန် သူ့နာမည်ကိုပါ ခေါ်ပေးပါ

လူအများစုက အကို၊ မောင်လေး စသဖြင့် အခေါ်များတာကြောင့် သင်က သူ့နာမည်လေးပါ ထည့်ခေါ်လိုက်တဲ့အခါ ထူးခြားသွားမှာပါ။ ဒါ့အပြင် လူတွေက ကိုယ့်နာမည်ထည့်ခေါ်တဲ့ သူတွေကို အလိုလို ရင်းနှီးနေတတ်ပါတယ်။ သင်ခေါ်တဲ့ နာမည်မျိုး တခြားသူဆီက ခေါ်တာမျိုး သူကြားတဲ့အခါ သင့်ကို သတိရနေစေမှာပါ။ သင်က ဒီအခွင့်အရေးကို အသုံးချသင့်ပါတယ်။

၃။ ယောကျာ်းလေးတွေက သူတို့ အမြင်များတဲ့ မိန်းကလေးတွေ အပေါ် စိတ်ယိုင်လာတတ်ပါတယ်

သင်က သူနဲ့ တွေ့ရင် ရှက်တာမို့ ရှောင်နေတာမျိုး မလုပ်သင့်ပါဘူး။ မမြင်ရရင် သူက သင်ရှိနေမှန်းတောင် သိချင်မှ သိမှာပါ။ ဒါကြောင့် သူနဲ့ အတူ အချိန်များများ ကုန်ဆုံးသင့်ပါတယ်။ ယောကျာ်းလေး အများစုက မိန်းကလေးတစ်ယောက်ကို မြင်တာများတဲ့အခါ ပိုရင်းနှီးပြီး သဘောကျလာတတ်ပါတယ်။

၄။ ကိုယ်သင်းနံ့ကို မွှေးအောင်ထားပါ

သင့်မှာ ကိုယ်ပိုင်ရနံ့လေး ရှိနေမှ သူနဲ့တွေ့တဲ့အချိန် ထူးခြားနေမှာပါ။ ဒီလို မွှေးရနံ့ ရှိတာကြောင့် သူ့စိတ်ထဲမှာလည်း သင့်ကို အမြဲ အမှတ်ရနေစေမှာပါ။ ဒါ့အပြင် သင့် Crush နဲ့တွေ့တဲ့အချိန် ပြုံးပြဖို့ မမေ့သင့်ပါဘူး။

၅။ အနီရောင်လေးတွေ ရွေးချယ်ဝတ်ဆင်ပါ

အနီရောင်က ဆွဲဆောင်မှုရှိတဲ့ အရောင်ဖြစ်တာကိုတော့ သင်သိပြီး ဖြစ်မှာပါ။ သူနဲ့ တွေ့တိုင်း သင်က ထူးခြားပြီး ထင်းထွက်နေစေဖို့ အနီရောင် ဝတ်စုံတွေကို ရံဖန်ရံခါ ဝတ်သင့်ပါတယ်။ အနီရောင် ဝတ်စုံက သူ့နှလုံးသားလေးကို သင့်ဆီ ယိမ်းလာအောင် ကူညီပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar