မိန်းကလေးတော်တော်များများက ဆံပင်ကို အုန်းဆီမလိမ်းတာ၊ အပူချောင်းတွေ ခဏခဏထိတာ၊ Chemical တွေ အရမ်းထိတာ၊ ဆံပင်ခဏခဏဆေးဆိုးတာတွေကြောင့် ဆံပင်နှစ်ခွဖြစ်တာတွေက ပိုပိုများလာပါတယ်။ ဒါကြောင့် ဆံပင်နှစ်ခွဖြစ်တာတွေ လျော့သွားအောင် လုပ်လို့ရမယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ အားလုံးကို ပုံမှန်လုပ်ပေးသွားရင် ဆံပင်နှစ်ခွဖြစ်တာတွေ လျော့လာမယ်၊ အမြဲလုပ်ပေးရင် နှစ်ခွဖြစ်တာတွေတောင် ရှိတော့မှာမဟုတ်ပါဘူး။

မနက်ခေါင်းလျှော်မယ်ဆိုရင် ညထဲက သံလွင်ဆီကိုလိမ်းအိပ်ပါ။ ဆံပင်အောက်ဖျားတွေကို ရွှဲနေအောင်သာ များများလိမ်းအိပ်ပါ။ မနက်ရောက်မှ ခေါင်းလျှော်ပါ။

ခေါင်းလျှော်ပြီးတိုင်းမှာ ပေါင်းဆေးသုံးပေးပါ။ ပေါင်းဆေးသုံးပေးရင် ဆံပင်ရှုပ်တာ၊ ညှိတာတွေ သက်သာပြီး ဆံသားပျော့ပျောင်းစေတယ်။ ဆံပင်နှစ်ခွဖြစ်တာလည်း သက်သာစေပါတယ်။

ဆံပင်ကို ခဏခဏ ဆေးမဆိုးပါနဲ့။ ဆေးဆိုးမယ်ဆိုရင်တောင် အနည်းဆုံး ၆ လနေမှ တစ်ခါဆိုးပါ။ မဟုတ်ရင် ဆံပင်တွေပိုပျက်ဆီးပြီး နှစ်ခွဖြစ်တာလည်း ပိုဆိုးလာပါလိမ့်မယ်။

မလိုအပ်ပဲ ဆံပင်ကို အပူချောင်းတွေနဲ့ ခဏခဏမလုပ်ပါနဲ့။ အပူချောင်းတွေ ခဏခဏထိရင် ဆံပင်ဖွာပြီး အောက်ဖျားတွေမှာ နှစ်ခွတွေဖြစ်တာ ပိုများလာပါလိမ့်မယ်။

ဆံပင်ကို တစ်လတစ်ခါလောက် နှစ်ခွဖြစ်တာတွေကို ညှပ်ထုတ်ပေးပါ။ နှစ်ခွဖြစ်တာတွေကို မညှပ်ပဲထားရင် နှစ်ခွတွေပိုများလာပြီး ဆံပင်ရှည်တာလည်း ကြာပါတယ်။

အိမ်မှာ ကိုယ်ဘာသာကိုယ် Care မလုပ်နိုင်တဲ့သူတွေဆိုရင် တစ်ပတ်တစ်ခါ ဆိုင်မှာ Treatment ယူတာမျိုး လုပ်ပေးပါ။ ဒီလိုဂရုစိုက်မှလည်း ဆံပင်နှစ်ခွဖြစ်တာတွေက သက်သာလာမှာပါ။