မနက်ကပဲ ခေါင်းလျှော်တယ် ညနေရောက်တော့ ဆံကေသာက ဖုန်အလိမ်းလိမ်းကပ်ပြီး ချေးညှော်နံ့တွေ ဆီနံ့တွေကြောင့် စိတ်ညစ်နေရပြီလား။ ဆံကေသာခြောက်သွေ့ကြမ်းတမ်းသူများကလည်း ခြောက်သွေ့တဲ့အလျောက် စိတ်ညစ်ရသလို ဆံကေသာ အဆီပြန်သူများကလည်း အဆီပြန်တဲ့အလျောက် စိတ်ညစ်ရပါတယ်။

ဆံကေသာအဆီပြန်သူများအနေနဲ့ ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့နောက်မှာတော့ စိတ်ညစ်စရာတွေ တမဟုတ်ချင်းပျောက်ကွယ်သွားပါလိမ့်မယ်။ အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာ ပေါင်းတင်နည်းတစ်မျိုးကို တစိုက်မတ်မတ်နဲ့ ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် ကျန်းမာလှပပြီး ပိုးသားလေးလို နူးညံ့တဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

လိုအယ်မယ့် ပစ္စည်းတွေကတော့ ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ တစ်ဖန်ခွက်ခန့် လိုအပ်ပါမယ်။

အရင်ဦးဆုံး ရှားစောင်းလက်ပတ်ဂျယ်နဲ့ သံပုယိုရည်နဲ့ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ရေနဲ့ ထပ်မံရောနှောလိုက်ပါ။ ရရှိလာတဲ့အရည်ကို ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အချိန် သုတ်လိမ်းမယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါတယ်။

မိနစ်အနည်းငယ်လောက်စောင့်ပြီးမှ ရေအေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Green Tea

လိုအပ်မယ့် ပစ္စည်းတွေကတော့ Green Tea ဖန်ခွက်တစ်ဝက်ခန့်နှင့် ရေ တစ်ဖန်ခွက်ခန့်တို့ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောနှောလိုက်ပြီး ဒယ်အိုးထဲမှာ ၅ မိနစ်ခန့် ဆူအောင်တည်ထားလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ပြီး အအေးခံလိုက်ပါ။ အေးသွားပြီဆိုရင်တော့ ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀၊ ၄၅ မိနစ်ခန့် ကြာမှ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ် ၁ လုံးနှင့် သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ကြက်ဥအနှစ်နဲ့ သံပုယိုရည်တို့ကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် လောလောလတ်လတ် လျှော်ပြီးသားဆံကေသာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၃၀၊ မိနစ် ၄၀ ခန့် ထားထားလိုက်ပါ။ အချိန်ပြည့်မှ ရေအေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

ဆံကေသာအဆီပြန်သူများအနေနဲ့ ဆောင်ရန်ရှောင်ရန်များ

ဆံကေသာကို မကြာခဏထိတွေ့ကိုင်တွယ်ခြင်း၊ ရေနွေးပူနှင့် ခေါင်းလျှော်ခြင်း၊ ဆံပင်လေမှုတ်စက်နှင့် အခြားအပူပေးစက်များကို မကြာခဏ အသုံးပြုခြင်း၊ Conditioner ကို ဦးရေပြားနဲ့ နီးကပ်စွာ လိမ်းကျံခြင်း စသည်တို့ကို ရှောင်ကြဉ်ရပါမယ်။

ခေါင်း နေ့တိုင်းမလျှော်သင့်ဘဲ ၂ ရက်ခြားတစ်ခါ၊ ၃ ရက်ခြား တစ်ခါသာ လျှော်သင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ဖို့လည်း လိုအပ်သလို ရေများများသောက်သုံးဖို့လည်း လိုအပ်ပါတယ်။ စိတ်ဖိစီးမှုမှ ကင်းကင်းရှင်းရှင်းနေပါ။ ခေါင်းအုံးစွပ်များကို တစ်ပတ်တစ်ခါ လဲပါ။

Source: stylecraze.com

By MyStyle Myanmar