လက်ကိုဂရုမစိုက်ဘဲ ပစ်ထားမိတာကြာလာရင် ဒါမှမဟုတ် နေရောင်နဲ့ထိတွေ့တာတွေများလာရင် လက်ဆစ်တွေက ညိုမည်းလာတတ်ပါတယ်။ ဒီလိုလက်ဆစ်တွေညိုမည်းတာကို သက်သာစေဖို့အတွက် အကုန်ကျနည်းနည်းနဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေကို သုံးလို့ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက Antioxidants ကြွယ်ဝတာမလို့ ညိုမည်းနေတဲ့ လက်ဆစ်တွေကို ဖြူလာစေနိုင်တဲ့အပြင် အသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။ ခရမ်းချဉ်သီးအသေးတစ်လုံးကို ရေဆေး အထဲကအနှစ်တွေဖယ်ပြီး အရည်ညှစ်လိုက်ပါ။ ခရမ်းချဉ်သီးအရည်ကို ပျားရည်နဲ့ရောပြီး လက်ဆစ်တွေကို လိမ်းပေးပါ။ စက်ဝိုင်းပုံသဏ္ဍာန် ၅ မိနစ်လောက်ကြာအောင်နှိပ်ပြီး 10 မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။

ဆန်မှုန့်

ဆန်မှုန့်က အသားအရေကိုကြည်လင်စေနိုင်တာမလို့ ညိုမည်းနေတဲ့လက်ဆစ်တွေအတွက် အသုံးပြုလို့ရပါတယ်။ ဆန်မှုန့် ၂ ဇွန်းနဲ့ နွားနို့ ၁ ဇွန်းကိုရောပြီး ပျစ်လာတဲ့အထိမွှေပေးပါ။ ပျစ်လာပြီဆိုရင် လက်ဆစ်တွေပေါ်လိမ်းပြီး ၅ မိနစ်လောက် ပွတ်ပေးပါ။ ပြီးမှ ရေအေးနဲ့ ‌ဆေးပေးပါ။

သံပုရာရည်

သံပရာသီးမှာပါတဲ့ Citric Acid က အမည်းစက်တွေကို ပျောက်ကင်းစေနိုင်တဲ့အပြင် အသားအရေကို ကြည်လင်စေပါတယ်။ သံပုရာရည် ၂ ဇွန်းနဲ့ သကြား ၁ ဇွန်းကို ရောမွှေပြီး လက်ဆစ်ပေါ်လိမ်းပေးပါ။ လိမ်းပြီး ၅ မိနစ်လောက် နှိပ်ပြီးမှ ရေအေးနေဲ့ဆေးပေးပါ။

နနွင်း

Antioxidant ပါဝင်တာများတဲ့ နနွင်းက အသားအရေကို ကြည်လင်စေပြီး အစက်အပြောက်ကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။ နနွင်း ၁ ဇွန်း ၊ ဒိန်ချဉ် ၂ ဇွန်း ၊ ပျားရည် ၂ ဇွန်းတို့ကို ရောပြီး လက်ဆစ်တွေပေါ်ကို ပွတ်ပေးပါ။ ခဏလောက် ခြောက်အောင်ထားပြီးမှ ရေအေးနေဲ့ဆေးပေးပါ။

အာလူး

အာလူးမှာက သဘာဝအတိုင်း အရောင်ချွတ်ပေးတဲ့ ဂုဏ်သတ္တိရှိတာမလို့ အသားအရေကိုတောက်ပစေပြီး လက်ဆစ်ညိုတာက သက်သာစေနိုင်ပါတယ်။ ကြိတ်ထားတဲ့အာလူးအရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်တို့ကို ရောပြီး လက်ဆစ်ပေါ်လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီးမှ ရေနွေးနွေးလေးနဲ့ဆေးချပါ။