သင့်ရဲ့သွားနဲ့ ခံတွင်းကိုထိန်းသိမ်းဖို့ဆိုတာ ထင်သလောက်မခက်ပါဘူး။ ရိုးရှင်းလွယ်ကူတဲ့ အဆင့်လေးတွေနဲ့ပဲ ကြိုးစားကြည့်လို့ရပါတယ်။ ခံတွင်းနံ့ နံနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလျော့စေပါတယ်။ ဒါ့ကြောင့်ဒီတစ်ခေါက်မှာတော့ ခံတွင်းနံ့ နံတာကိုသက်သာစေဖို့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

သွားပွတ်တံပုံမှန်လဲပါ

သင်သုံးတဲ့သွားတိုက်တံက သုံးလေးလကြာတဲ့အခါ အမျှင်တွေဖွာသွားတတ်ပါတယ်။ ဒါဆိုဆက်မသုံးပါနဲ့တော့။ ပျော့ပြောင်းမှုရှိတဲ့သွားတိုက်တံအသစ်တချောင်းကို သုံးလ လေးလတခါလောက် လဲပေးဖို့လည်း အကြံပြုချင်ပါတယ်။

ခံတွင်းမခြောက်အောင်နေပါ

သင့်ရဲ့ခံတွင်းကို မခြောက်သွေ့အောင် ရေများများ သောက်ပါ ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာမျိုးရှောင်ပါ။ ခံတွင်းထဲက တံတွေးဂလင်းတွေကို လံှု့ဆော်ပေးဖို့ ပီကေဝါးတာ၊ အချိုပါဝင်မှုနည်းတဲ့သကြားလုံးငုံဆေးလို စားပေးပါ။

အစာစားပြီးတိုင်း သွားတိုက်ပါ

အစာစားပြီးတဲ့အခါ အလွယ်တကူသုံးဖို့သွားတိုက်တံတချောင်းဆောင်ထားပါ။ အထူးသဖြင့် အသားပါဝင်တဲ့အစားအသောက်တွေစားပြီးတဲ့အခါ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးကိုသုံးပြီး တနေ့နှစ်ကြိမ်အနည်းဆုံးအသုံးပြုပြီးတိုက်ပေးပါ။

လျှာကိုပါ ပွတ်တိုက်ပေးပါ

သင့်ရဲ့လျှာမှာ ဘတ်တီးရီးယားတွေအများကြီးကပ်ညှိနေတတ်ပါတယ်။ ဒါ့ကြောင့်သွားတိုက်တဲ့အခါ သင့်ရဲ့လျှာကိုပါတိုက်ပေးတာက ဘတ်တီးရီးယားတွေကိုဖယ်ရှားပြီး ခံတွင်းနံ့ကိုကောင်းစေပါတယ်။ ဆေးလိပ်အသောက်များတဲ့သူတွေဆိုရင် လျှာခြစ်တံကိုအသုံးပြုပေးသင့်ပါတယ်။