ဘယ်ရာသီမျိုးမှာမဆို ဘာအကာအကွယ်မှမပါပဲ နေပူထဲအကြာကြီးသွားမိနေရင် မျက်နှာအသားအရေထိခိုက်ပြီး နေလောင်ဒဏ်တွေ ရရှိမှာပဲ့ဖြစ်ပါတယ်။ နေလောင်ဒဏ်တွေကနေတဆင့် မျက်နှာအသားအရေထိခိုက်ပျက်စီးတာတွေ အမဲစက်တွေ နေလောင်ကွက်တွေ ထွက်လာနိုင်တဲ့အတွက် သေချာဂရုစိုက်ပေးဖို့လိုပါတယ်နော်။

ဒါကြောင့် လုံးဝနေလောင်မခံရစေဖို့ သတိထားဆင်ခြင်ကြရအောင်။ တကယ်လို့ နေလောင်ခံထားရရင် ဒီနည်းလမ်းတွေသုံးပြီး အိမ်မှာအလွယ်တကူကုသရင်း မျက်နှာအသားအရေလေးကို ပြန်လည်ဂရုစိုက်နိုင်စေဖို့အတွက် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးလိုက်တယ်နော်။

ရေများများသောက်ပေးပါ

နေပူထဲသွားပြီးပြန်လာရင် အိမ်ပြန်ရောက်တာနဲ့ ရေများများသောက်ပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေပဲသောက်ပါ။

ရေခဲရေနဲ့မျက်နှာသစ်ပါ

မျက်နှာသစ်တဲ့အခါမှာ ရေခဲရေနဲ့ သစ်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖြေးဖြေးချင်းစီ ဖိဖိပြီးသုတ်ပါ။ ပွတ်ပြီးသုတ်တာမျိုး မလုပ်ပါနဲ့။

ရှားစောင်းလက်ပတ်ဂျယ်လ်လိမ်းပါ။

နေလောင်ခံထားလို့ မျက်နှာနီရဲနေတာ သက်သာသွားအောင်၊ မျက်နှာလေးအေးပြီး နေလို့ကောင်းသွားအောင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်နှာမှာ ပွတ်ပေးပါ။ ကိုယ့်အသားအရေက Sensitive ဖြစ်တယ် ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ တိုက်ရိုက်မပွတ်ချင်ဘူးဆိုရင်လည်း အသင့်လိမ်းလို့ရတဲ့ Aloe Vera Gel Moisturizer ကိုလိမ်းပေးလို့ရပါတယ်။

ရှောင်ရမယ့်ပါဝင်ပစ္စည်းများ

နေလောင်ခံထားရရင် Cream တွေ Moisturizer တွေလိမ်းတဲ့အခါမှာ petroleum, benzocaine နဲ့ lidocaine ပါတဲ့ဟာတွေကို မလိမ်းမိအောင် ဂရုစိုက်ပါ။ အကောင်းဆုံးကတော့ Aloe Vera Gel လိမ်းတာအကောင်းဆုံးပါ။ ရိုးရိုးရေဓာတ်ဖြည့်တဲ့ Moisturizer မျိုးလည်း လိမ်းလို့ရပါတယ်။

သခွားသီး Mask

မျက်နှာပေါင်းတင်ချင်တယ် Mask ကပ်ချင်တယ်ဆိုရင် သခွားသီးနဲ့ မျက်နှာပေါင်းတင်တာမျိုး၊ သခွားသီး Mask ကပ်တာမျိုး လုပ်ပေးလို့ရပါတယ်။ သခွားသီးက အသားအေးစေတယ်။ နေလောင်ထားတဲ့အသားအရေအတွက်လည်း အကောင်းဆုံးပါပဲ။