တစ်ခါတစ်လေမှာ တစ်ဘဝစာလက်တွဲဖို့အထိ ရည်ရွယ်ပြီး အရမ်းချစ်ခဲ့ရတဲ့သူဖြစ်နေပါစေ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် လမ်းခွဲလိုက်ရတဲ့ အခိုက်အတန့်တွေက အရမ်းနာကျင်လွန်းလှတယ်ဆိုတာ ခံစားဖူးတဲ့သူတိုင်း သိကြမှာပါ။ ကိုယ့်ဘက်က ခံစားချက်အားလုံး ပုံအပ်ပြီး ချစ်ခဲ့ရင် ပိုခံစားရတတ်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့ရေစက်မဆုံနိုင်တဲ့သူကို လွမ်းဆွတ်တမ်းတနေမယ့်အစား မေ့ပစ်လိုက်တာကတော့ အကောင်းဆုံးပဲ့ပေါ့။ ဒါပေမဲ့ ကိုယ့်အတွက် လေးနက်စွာချစ်ခဲ့ရတဲ့သူကို မေ့ပစ်ချင်ပေမယ့် မေ့မရတာမျိုး၊ မေ့ပစ်လိုက်ဖို့ ခက်ခဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီလိုလေးနက်စွာချစ်ခဲ့ရတဲ့သူတစ်ယောက်ကို သံယောဇဉ်လက်ကျန်တွေကို ဖြတ်တောက်ပစ်ပြီး လုံးဝမေ့နိုင်ဖို့အတွက် ဒီအရာလေးတွေ ပြုလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ…

သူ့ဖုန်းနံပါတ်နဲ့ မက်ဆေ့ချ်တွေကိုဖျက်ပစ်လိုက်ပါ

သူ့ဖုန်းနံပါတ်တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ မက်ဆေ့ချ်တွေကိုလည်း အကုန် တစ်ခုမကျန် ဖျက်ပစ်ပါ။ ဒါတွေကို ဖုန်းထဲမှာ ဆက်သိမ်းထားရင် လုံးဝစိတ်မပြတ်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။

အမှတ်တရဖြစ်စေတဲ့ဓာတ်ပုံတွေကိုလည်း ဖျက်ပစ်ပါ

သူနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို အကုန်ဖျက်ပစ်ပါ။ အမှတ်တရတွေ ရှိနေရင်လည်း ဖုန်းထဲမှာ၊ ကွန်ပြူတာထဲမှာ ဘာတစ်ခုမှသိမ်းမထားပဲ ဖျက်ပစ်လိုက်ပါ။

Social Media မှာ အကုန်ဖျက်ပြီး Block လိုက်ပါ

Social Media မှာ သူ့ကိုဆက်ထားနေရင် သွားရှာမိတာမျိုး၊ သူ့အကြောင်းတွေ ဝင်ကြည့်မိတာမျိုး လုပ်မိပါလိမ်းပါ။ ဒါကြောင့် သေချာမေ့ပစ်နိုင်ဖို့အတွက် Social Media နဲ့ ပတ်သက်တာတွေမှာ အကုန်ဖျက်ပြီးသာ Block ထားလိုက်ပါ။ သူ့ရဲ့ BFF တွေကိုလည်း ဖယ်ထုတ်ထားလိုက်တာ ပိုကောင်းပါတယ်။

သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကို မသိမ်းထားပါနဲ့

သူနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့်အရာတွေ၊ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာ ပစ္စည်တွေ အကုန်လုံးကို ဘာမှနှမြောမနေပဲ ဖျက်ဆီးလိုက်ပါ။ ဒါတွေကို ဆက်သိမ်းထားရင် မြင်တိုင်း သတိရပြီး မေ့ပစ်ဖို့ ခက်သွားပါလိမ့်မယ်။

သူ့နဲ့ပတ်သက်တဲ့အကြောင်းတွေကို နားစွင့်ဖို့ မကြိုးစားပါနဲ့

သူငယ်ချင်းတွေက သူ့အကြောင်းလာပြောရင် လုံးဝနားမထောင်ပါနဲ့။ နောက်လာမပြောဖို့ကိုလည်း ကြိုမှာထားပါ။ ကိုယ်တိုင်ကလည်း သူ့အကြောင်းတွေကို မသိချင်ပါနဲ့။ မမေးမိပါစေနဲ့။

အတိတ်ကအကြောင်းတွေ ပြန်ပြန်မတွေးမိပါစေနဲ့

အရင်ကအကြောင်းတွေကို ပြန်တွေးမနေပါနဲ့။ ပြန်တွေးမိနေရင် ဘယ်တော့မှ စိတ်ပြတ်နိုင်မှာလည်း မဟုတ်သလို မေ့နိုင်တော့မှာလည်း မဟုတ်ပါဘူး။ အချိန်က ကုစားသွားမယ်ဆိုပေမယ့် ကိုယ်တိုင်က မမေ့နိုင်အောင်လုပ်နေရင်တော့ စိတ်ထဲအမြဲရှိပြီး မေ့ပစ်ဖို့ ပိုခက်သွားပါလိမ့်မယ်။

စိတ်နှစ်ထားရတဲ့ အလုပ်တွေကို လုပ်ပါ

စိတ်နှစ်ပြီး အာရုံစူးစိုက်ရတဲ့အလုပ်တွေကိုလုပ်ရင် တခြားအအကြောင်းအရာတွေကို မတွေးမိတဲ့အတွက် လူတစ်ယောက်ကို မေ့ပစ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

အလုပ်များများလုပ်ပါ၊ စာများများဖတ်ပါ

အလုပ်များများလုပ်တာမျိုး၊ နားချိန်ခဏပဲ့ ထားပြီး အလုပ်ဆက်တိုက်လုပ်တာမျိုးကလည်း တခြားအကြောင်းတွေ တွေးဖို့အချိန်မရှိတဲ့အတွက် မေ့ပစ်ဖို့ကို ကူညီပေးနိုင်ပါတယ်။ စိတ်တည်ငြိမ်ပြီး တခြားအကြောင်းကို မတွေးမိအောင် စာလည်း များများဖတ်ပေးပါ။