အားလုံးပဲမင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ ကိုယ့်ဘဝနေထိုင်မှုပုံစံက တိုးတက်မှုမရှိတဲ့ Comfort Zone ထဲမှာပိတ်မိနေတယ်လို့ ခံစားနေရတဲ့သူတွေရှိလား။ နေ့စဉ်လုပ်နေကျ ပျင်းရိဖွယ် Comfort Zone ထဲကနေ ရုန်းထွက်ချင်ပေမယ့် ဘယ်ကစလုပ်ရမှန်း မသိတဲ့သူတွေအတွက် နေ့ရက်တိုင်းမှာ စိတ်သစ်လူသစ်ဖြစ်စေဖို့ ပြုလုပ်ပေးရမယ့်အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ဒီတော့ ဘဝတိုးတက်မှုရချင်သူတွေ Comfort Zone ထဲမှာနေသားမကျသွားစေဖို့ ဖော်ပြထားတဲ့ပြောင်းလဲမှုတွေကို အချိန်မဆွဲဘဲ ပြုလုပ်ပေးဖို့မမေ့ပါနဲ့နော်။

၁။ လက်ရှိအချိန်ကိုဆန်းစစ်ပါ


သင့်ဘဝကိုပြောင်းလဲနိုင်ဖို့အတွက် အရင်ဆုံး ကိုယ်လက်ရှိရောက်နေတဲ့အနေအထားနဲ့ အမှန်တကယ် စိတ်ဝင်စားတဲ့အရာတွေအကြောင်းကို ပြန်လည်ဆန်းစစ်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်တာက သင့်ဘဝပျော်ရွှင်မှုနဲ့ တိုးတက်မှုအတွက် ပြင်ဆင်ဖို့လိုတဲ့အရာတွေကို ရှင်းရှင်းလင်းလင်း သိလာစေမှာဖြစ်ပါတယ်။

၂။ သင့်နှလုံးသားကိုနားထောင်ပါ


တစ်ခုခုကိုပြောင်းလဲဖို့ဆုံးဖြတ်တဲ့အခါ တစ်ခါတစ်ရံ မိဘ၊ မိတ်ဆွေစတဲ့ ပတ်ဝန်းကျင်ဖိအားတွေကြောင့် တွေဝေနေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါတွေကို ဂရုမစိုက်ဘဲ ကိုယ်အမှန်တကယ်လိုချင်တဲ့အရာကို အာရုံစိုက်ပြီး ကြိုးစားကြည့်ဖို့လိုပါတယ်။

၃။ ပြောင်းလဲရမှာမကြောက်ပါနဲ့


Confort Zone ထဲကရုန်းထွက်တဲ့အခါ ကိုယ်လိုချင်တဲ့အရာတွေကို အသစ်ကနေ စလုပ်ရတာမျိုးရှိတာကြောင့် အဆုံးထိအောင်မြင်အောင် မလုပ်နိုင်မှာ၊ ငြီးငွေ့သွားမှာ စတဲ့အရာတွေကို တွေးကြောက်နေတတ်ပါတယ်။ အဲ့ဒီအစား အကောင်းဘက်ကတွေးပြီး ကိုယ့်ကိုစိတ်အားတက်ကြွစေမယ့်အရာတွေကိုသာ ရှာဖွေသင့်ပါတယ်။

၄။ ကိုယ့်ကိုကိုယ်စိန်ခေါ်ပါ


ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေသတ်မှတ်ထားတာက Comfort Zone ထဲ မပိတ်မိစေဘဲ ကြိုးစားချင်စိတ်ပို ဖြစ်စေတာကြောင့် ဘဝအောင်မြင်မှုရဖို့ အခွင့်အရေးပိုများပါတယ်။ ဒါကြောင့် ဘယ်အရာမဆို Goal အသစ်တွေသတ်မှတ်ပြီး ပြုလုပ်ပေးပါ။

၅။ အနာဂတ်ကိုအာရုံစိုက်ပါ


တိုးတက်မှုမရှိဘဲ အချိန်ကုန်နေတတ်တာကို ပြုပြင်ဖို့အတွက် အနာဂတ်မှာကိုယ်ဖြစ်ချင်တဲ့ပုံစံကို အာရုံစိုက်ပေးဖို့လိုပါတယ်။ တစ်နေရာထဲမှာရပ်မနေဘဲ ကိုယ်လိုချင်တဲ့အနေအထားမျိုးရောက်အောင် ပြောင်းလဲနိုင်ဖို့ကြိုးစားပါ။ ဒါမှ အသက်အရွယ်ရလာတဲ့အခါ နောင်တကင်းကင်းနဲ့နေနိုင်မှာဖြစ်ပါတယ်။

၆။ ဝါသနာအသစ်တစ်ခုရှာဖွေပါ


တစ်ခုခုကိုလေ့လာနေတာက ဘယ်တော့မှအချည်းနှီးမဖြစ်ပါဘူး။ အားတဲ့အချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို တစိုက်မတ်မတ်လေ့လာကြည့်ပါ။ ဒါက သင့်ဘဝအတွက် အခွင့်အလမ်းကောင်းတွေရရှိစေဖို့လည်း အထောက်အကူဖြစ်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar