သူငယ်ချင်းအပေါင်းအသင်းပေါများတာက ကိုယ့်အတွက် အများကြီးအကျိုးရှိစေပါတယ်။ အထီးကျန်တာတွေ၊ ဝမ်းနည်းအားငယ်တာတွေလည်း လျော့ကျစေပြီး ပျော်ရွှင်မှုပိုရစေပါတယ်။ တော်တော်များများကလည်း သူငယ်ချင်းအပေါင်းအသင်းများတာကိုပဲ လိုချင်ကြမှာပါ။ ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်း ပေါများချင်သူတိုင်း ဒီအရာတွေကိုတော့ လုပ်ပေးဖို့လိုပါတယ်။

ရောက်တဲ့နေရာမှာမိတ်ဖွဲ့ပါ

ကိုယ်ရောက်တဲ့နေရာမှာ အသိရှိရှိမရှိရှိ ကိုယ့်အနီးအနားကသူတွေနဲ့ မိတ်ဖွဲ့ပါ။ ကိုယ်ကအရင်စခေါ်လိုက်လို့ အောက်ကျတယ်ဆိုတာမရှိပါဘူး။ ခင်ချင်တဲ့သူဆိုခင်ပါလိမ့်မယ်။ မခင်ချင်တဲ့သူဆိုလည်း လွှတ်ထားလိုက်ပါ။ ခေါင်းထဲမထည့်ပါနဲ့။ ဘယ်နေရာရောက်ရောက် ကိုယ်နဲ့မသိတဲ့သူနဲ့ဆို စကားမပြောတာ၊ တစ်ယောက်ထဲနေတာတွေက အပေါင်းအသင်းမရှိဖြစ်စေပါတယ်။

ပြုံးပြုံးရွှင်ရွှင်နေပါ

အမြဲပြုံးရွှင်နေတဲ့သူ၊ မျက်နှာချိုတဲ့သူကို လူတိုင်းကခင်ချင်ပါတယ်။ ဆူပုပ်နေရင် ဘယ်သူကမှလည်း ခေါ်ချင်ပြောချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နေပါ။

နေရာတကာဝင်ပါတာမျိုးမလုပ်ပါနဲ့

နေရာတကာဝင်ပါတဲ့သူဆိုရင် လူတွေက အမြင်ကပ်ကြပါတယ်။ သိပ်ပြီးလည်း မခေါ်ပြောချင်ကြပါဘူး။ ဒါကြောင့် ခင်တတ်တာကသပ်သပ်၊ ကိုယ်နဲ့မဆိုင်တာ၊ ဝင်မပါသင့်တာတွေဆို ဝင်မပါပါနဲ့။

လိုက်လျောညီထွေဖြစ်အောင်နေပါ

သူငယ်ချင်းအပေါင်းအသင်းများတယ်ဆိုတာကလည်း ကိုယ်တိုင်က လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့လိုပါတယ်။ ငါပြောတဲ့အတိုင်းပဲလုပ်၊ ငါကြိုက်တာပဲလုပ်ပေးကြဆိုတဲ့ပုံစံမျိုးနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ရေလိုက်ငါးလိုက်နေတတ်ရင် အဆင်ပြေပါလိမ့်မယ်။

ကူညီပါ

ကူညီတတ်တဲ့သူကိုလည်း လူတွေကခင်ကြပါတယ်။ ဒါကြောင့် ကိုယ်ကူညီနိုင်တာတွေဆိုရင် အားလုံးကိုကူညီပေးလိုက်ပါ။ ကူညီတတ်တဲ့အကျင့်ကြောင့် သူငယ်ချင်းတွေကြားမှာလည်း ပိုပြီးမျက်နှာပွင့်ရပါတယ်။

အပြင်သွားလာတာမျိုးလုပ်ပါ

သူငယ်ချင်းအပေါင်းအသင်းရှိပြီး သူတို့ခေါ်ရင်လည်းမလိုက်၊ ဘယ်မှမသွားပဲရှောင်တာမျိုးကျတော့ ရှိနေတဲ့သူငယ်ချင်းတွေနဲ့တောင် နည်းနည်းဝေးသွားသလို ဖြစ်စေပါတယ်။ ဒါကြောင့် အပြင်သွားတာတာမျိုးလုပ်ပေးပါ။ ပျော်ပျော်ရွှင်ရွှင်နေပြီး စကားများများပြောပါ။

photo source:www.freepik.com