ဘယ်မိန်းကလေးမဆို ကိုယ်စိတ်ဝင်စားသူရဲ့ အာရုံစိုက်မှုကို အပြည့် အဝ လိုချင်သူချည်းပါပဲ။ သင့်အနေနဲ့ စိတ်ချင်း ဆက်သွယ်တယ်ဆိုတဲ့ အယူအဆကို ယုံကြည်လေ့ရှိသူလား။ ယုံကြည်တယ်ဆိုရင်တော့ ဒီအကြောင်းအရာကို ဆက်ဖတ်နိုင်ပါတယ်။

ကိုယ်ချစ်ရသူနဲ့ စိတ်ချင်း ဆက်သွယ်နိုင်တယ်ဆိုတာက ဆုလာဒ်တစ်ခုပါပဲ။ ဒီလိုချစ်သူမျိုး သင် ပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဒါက မဟာ ကံကောင်းမှု တစ်ခုပါပဲ။ ကိုယ့်ကောင်လေးနဲ့ စိတ်ချင်း ဆက်သွယ်နိုင်ဖို့ သင်ကြိုးစားလုပ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လုပ်မယ်ဆိုရင်တော့ သင်နဲ့ သူက နှစ်ကိုယ့် တစ်စိတ် ဖြစ်နေပါလိမ့်မယ်။ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ သိုသိုသိပ်သိပ်နေပါ

သူနဲ့ စကားပြောတဲ့အချိန်တိုင်း စကားလုံးတိုင်းကို စဉ်းစားပြီး ပြောသင့်ပါတယ်။ ချန်ထား သင့်တဲ့အရာကို မပြောဘဲ ချန်ထားသင့်ပါတယ်။ သင်က လျို့ဝှက်ချက်နဲ့ နေတတ်တဲ့ မိန်းကလေး တစ်ယောက်ဆိုရင် သူ့အနေနဲ့ သင့်အကြောင်း ပို သိချင်ပါတယ်။ ဒီတော့ သင်က သူ့အကြောင်း စဉ်းစားနေတဲ့ အချိန်မှာ သူလည်း သင့်လို ဖြစ်လာပါလိမ့်မယ်။ သူ သိချင်တဲ့အရာကို သိနိုင်ဖို့ သင့်ကို မေးခွန်းတွေ မေးပါလိမ့်မယ်။ ဒီနည်းလမ်းက သင်တို့ နှစ်ယောက်ကြား အာရုံစိုက်မှု ပိုရလာပါလိမ့်မယ်။

၂။ ချီးကျူးပါ

သူက အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ ယောကျာ်း လေးတစ်ယောက်ဆိုရင် သင့် အကူအညီ လိုလာပါပြီ။ သင့်အနေနဲ့ သူ့ကို အလေးထားပြီး ချီးကျူးသင့်ပါတယ်။ သူက သင့်ဘဝအတွက် ဘယ်လောက်ထိ အားကိုးရ အရေးပါတဲ့ လူဖြစ်ကြောင်း လူအများကြား ပြောပြပါ။ သူနဲ့ အတူ ရှိရတာ နေ့ရက်တိုင်း ပျော်ရွှင်ဖွယ်ဖြစ်ကြောင်း သိအောင် ပြောပြပေးသင့်ပါတယ်။

၃။ ဝါသနာ

စိတ်ချင်း ဆက်သွယ်ဖို့က ဝါသနာ ချင်းလည်း ဆက်နွယ်သင့်ပါတယ်။ အရင်ဆုံး သင့်ဝါသနာနဲ့ စိတ်ဝင်စားရာတွေကို သူ့ကို ပြောပြပါ။ သူ့ဘက်ကလည်း သူ့အကြောင်း ပြောပြလာဖို့ သင့်ဘက်က လမ်းကြောင်း ဖွင့်ပေးသင့်ပါတယ်။ ပြင်ပဆွဲဆောင်မှုထက် ခံစားချက်ချင်း ဆက်နွယ်ဖလှယ် မှုက သင်နဲ့ သူ့ကို စိတ်ချင်း ဆက်စေပါတယ်။

၄။ အကောင်းမြင်စိတ်

သင်က အကောင်းမြင်စိတ်နဲ့ အပြုသဘော စကားတွေပြောလေလေ၊ အပြုသဘော ပျော်ပျော် နေပြလေ သူ့အနေနဲ့ သင့်နားမှာ နေရတာ သက်တောင့်သက်သာ ဖြစ်လေပါပဲ။ သူ့ကြောင့် ပျော်ရွှင်ကြောင်း သက်သေပြသင့်ပါတယ်။ သူ့အနေနဲ့ အကောင်းမြင်စိတ်ရှိတဲ့ သင့်ကို အမြဲ သတိရနေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar