အမည်းစက်တွေက မျက်နှာနဲ့ နေရောင်ခြည် ခဏခဏ ထိတွေ့တဲ့အခါ ပိုပေါ်လာတတ်ပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေထဲကနေ Melanin ပိုထွက်တဲ့အခါ အမည်းစက်ကို ပိုများလာစေပါတယ်။ သင်က မျက်နှာမှာ အမည်းစက်တွေကြောင့် အလှအပ ထိခိုက်တယ်လို့ ထင်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ မျက်နှာပေါ်က အမည်းစက်တွေကို သက်သာစေပြီး အသားအရေ ချောမွေ့စေမယ့် အသားအရေ ပေါင်းတင်နည်း တစ်မျိုးကို ဖော်ပြပါရစေ။

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

၁။ ငှက်ပျောသီး အမှည့် တစ်ဝက်

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေကို ချောမွေ့စေကာ အသားအရေ ညီညာစေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးကို သုံးပြီးတာနဲ့ အသားအရေကို တင်းရင်းစေပါတယ်။

၂။ နွားနို့ တစ်ဇွန်း

ငှက်ပျောသီး တစ်ဝက်ကို ခွက်တစ်ခွက်ထဲ ထည့်ကာ ဆူးဇွန်းနဲ့ ချေပြီးနောက်မှာတော့ နွားနို့ တစ်ဇွန်း ထပ်ထည့်ပေးရပါမယ်။ နွားနို့ကတော့ အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ သက်သာစေပါတယ်။ နေရောင်ကြောင့် ပျက်စီးတာကို သက်သာစေပြီး အသားအရေကို စိုပြေတောက်ပစေပါတယ်။

၃။ ဆန်မှုန့် တစ်ဇွန်း

ဆန်မှုန့် တစ်ဇွန်းကို ဒီငှက်ပျောသီးနဲ့ နွားနို့ အရောထဲကို ထပ်ထည့်ပေးရပါမယ်။ ဆန်မှုန့်ရဲ့ အသားအရေအတွက် ကောင်းကျိုးကတော့ အသားအရေ အိုမင်း ရင့်ရော်ခြင်းကို နှေးကွေးစေခြင်းပါ။ UV ကြောင့် အသားအရေ ပျက်စီးတာကို လျှော့ချပေးပြီး အသားအရေ တောက်ပစေပါတယ်။

၄။ ပျားရည် တစ်ဇွန်း

ပျားရည် တစ်ဇွန်းကို ဒီ ငှက်ပျောသီး၊ နွားနို့၊ ဆန်မှုန့် အရောထဲကို ထပ်ထည့်ပေးရပါမယ်။ ပျားရည်ကတော့ အသားအရေ အဆီပြန်သူတွေနဲ့ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေတွေနဲ့ သင့်လျော်ပါတယ်။ ဒီလိုပဲ ပျားရည်က အသားအရေကို စိုပြေဝင်းပစေပါတယ်။

ဒီပါဝင်ပစ္စည်းအားလုံးကို သေချာ ရောမွှေပေးရပါမယ်။ မွှေပြီးနောက် မျက်နှာမှာ လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ် ထားပေးရပါမယ်။ ပြီးရင်တော့ မျက်နှာကို Scrub နဲ့ ပွတ်သလိုပဲ အသာလေး ပွတ်ပေးရပါမယ်။ နောက်ဆုံးမှာတော့ ရေဆေးချနိုင်ပါပြီ။

Photo source: Pinterest

By MyStyle Myanmar