ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲချင်တယ် ဝမ်းဗိုက်ချပ်ချင်တယ်ဆိုရင်တော့ ဒီတိုင်း အိပ်လိုက်စားလိုက် နေလို့မရပါဘူး။ အစားအသောက်ကို ဂရုတစိုက်စားသုံးပေးပြီး လေ့ကျင့်ခန်းပါတွဲလုပ်ပေးဖို့လိုအပ်ပါတယ်။

ဘယ်လိုစားမလဲ

ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကိုရှောင်ပြီး တတ်နိုင်ရင် ဆီနည်းနည်းနဲ့ ပြုတ်ကျော်လုပ်စားတာ၊ အသီးအရွက်သုပ်စားတယ်၊ အသားကိုလည်း ဆီနည်းနည်းနဲ့ စားတာမျိုး လုပ်ပေးသင့်ပါတယ်။ တစ်နေ့တာလုံးကို ရေသောက်ခြင်းနဲ့ အစပြုပြီး ရေသောက်ခြင်းနဲ့ အဆုံးသတ်သင့်ပါတယ်။ ရေများများသောက်ပါ။ အိပ်ရေး၀၀အိပ်ပါ။ အာဟာရ ညီညွှတ်မျှတအောင်စားပါ။ မဟုတ်ရင်တော့ လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် သိသိသာသာပြောင်းလဲတိုးတက်မှု ရှိလာမှာမဟုတ်ပါဘူး။

ဝမ်းဗိုက်ချပ်ချင်တဲ့သူတွေ၊ Gym ကိုတကူးတကသွားပြီး မကစားနိုင်တဲ့သူတွေ အိမ်မှာပဲ Gym ကစားချင်တဲ့သူတွေအနေနဲ့ လိုက်လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးပါမယ်။

၁။ Plank

Plank ထောက်တဲ့လေ့ကျင့်ခန်းကိုလုပ်ရပါမယ်။ အခုပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ ခြေဖဝါးနဲ့ လက်တဒေါင်ကို အားပြုပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရမှာပါ။ အဲဒီလိုလုပ်တဲ့အခါ တစ်ခုသတိပြုစေချင်တာက ကိုယ်ဟန်အနေအထား မှန်ဖို့ပါပဲ။ ပေါင်၊ တင် နဲ့ ခါးကနေ ခေါင်းထိ တစ်တန်းတည်းဖြစ်နေရပါမယ်။ မျက်လုံးကို ကြမ်းပြင်မှာ ကြည့်ထားပါ။ အသက်မှန်မှန်ရှူပါ။ စက္ကန့် ၂၀ ကနေ ကိုယ်နေနိုင်သလောက်ထိနေပါ။ ၄ ကြိမ်လောက်လုပ်ပေးပါ။

၂။ Side Plank

စောစောက Plank ထောက်တာကိုဘဲ ဘေးစောင်းလိုက်ပါ။ လက်တစ်ဖက်တည်းထောက်ထားပါ။ ကျန်တဲ့လက်တစ်ဖက်ကို အပေါ်မြောက်ထားပါ။  ခြေထောက်တစ်ခုပေါ်တစ်ခု တင်ထားပါ။ အဲဒီအတိုင်း အသက်မှန်မှန်ရှူပြီး နေနိုင်သလောက်နေပေးပါ။ ခက်တော့ခက်တယ်နော်။ ဒါပေမယ့်လုပ်ကြည့်ပါရှင့်။ တစ်ဖက်ချင်းဆီကို ပြောင်းပြီး ၄ ကြိမ်လောက်လုပ်ပေးပါ။

၃။ Backwards Sit-Up

အရင်ဆုံး ပက်လက်နေပါ။ ပြီးရင် လက်နှစ်ဖက်ကို နောက်ပြန်ထောက် ခြေထောက်နှစ်ဖက်ကို ဒူးကွေးပြီး ထောက်ထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို အပေါ်ကြွပါ။ ပြီးရင် ပြန်ချလိုက်ပါ။ အဲဒီအတိုင်း ၁၀ ကြိမ်လောက်လုပ်ပေးပါ။

၄။ အိပ်ထမတင်

အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို တန်းတန်းဆန့်ထားပါ။ အဲဒီနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပေးပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်လုပ်ပေးပြီး ၄ကျော့လုပ်ပေးရမှာပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်းပဲဖြစ်ဖြစ် ညအိပ်ယာဝင်ခါနီးပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ အကြိမ်အရေအတွက်ကို တိုးပြီးတိုးပြီး လုပ်ပေးသွားပါ။ စာဖတ်သူတို့ လှနိုင်သလောက် လှကြပါစေ။