ဘဝအစိတ်အပိုင်းတွေထဲမှာ Relationship တွေသည် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်ကြည်နူးရပြီး ရိုမန့်တစ်ဆန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ကြသူတွေလည်း ရှိနိုင်သလို အဆိပ်အတောက်များနှင့် ပြည့်နှက်နေတဲ့ အချစ်ရေးကို ပိုင်ဆိုင်ကြသူတွေလည်း ရှိမှာပါပဲ။ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေပြီး တစ်ဖက်သတ်ကြီး ချုပ်ကိုင်ခြယ်လှယ်ကာ အနိုင်ကျင့်လွန်းတဲ့ Relationship မျိုးဆိုရင် မြန်မြန် ရုန်းထွက်တာ အကောင်းဆုံးပါပဲ။

တစ်ခါတစ်လေမှာလည်း မိမိကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်အနေအထား၊ သွန်သင်ဆုံးမမှုတွေအရ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ပုံသည်လည်း ကွဲပြားသွားမှာဖြစ်ပါတယ်။ ဥပမာ တစ်ဦးတည်းသော ကလေး၊ အစ်ကို အစ်မတွေကြားထဲမှာ အငယ်ဆုံးအဖြစ် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့ရသူအဖို့ တစ်ဖက်သားအပေါ် အနိုင်ယူချင်စိတ်များနေခြင်းဟာ သဘာဝပါပဲ။

သို့သော် ထိုအနိုင်ယူချင်စိတ်ရှိခြင်းက အတ္တ မာနတို့နဲ့ ပေါင်းမသွားဖို့ အရေးကြီးပါတယ်။ နို့မဟုတ်ရင် တစ်ဖက်သူအဖို့ စိတ်ကျဥ်းကြပ်လာရပြီး တဖြည်းဖြည်းနဲ့ သမီးရည်းစားဆက်ဆံရေးဟာ အဆိပ်အတောက်များနဲ့ ပြည့်နှက်လာကာ ပျော်ရွှင်စရာကောင်းလာတော့မှာမဟုတ်ပါဘူး။

သင့်ချစ်သူကရော သင့်အပေါ်မှာ အနိုင်ယူချင်စိတ် များနေပါသလား။ ကိုယ်ကိုယ်တိုင်က ကိုယ့်ချစ်သူကို ချစ်လွန်းတော့လည်း အပြစ်မမြင်ရက်ဘဲ အလိုလိုနေရင်း အလျော့ပေးမိတာကလည်း အများစုရဲ့ ထုံးစံပဲမဟုတ်လား။ ဒါပေမယ့်လည်း အနိုင်ယူချင်တာနဲ့ တစ်ဖက်သားအပေါ် ချုပ်ကိုင်ခြယ်လှယ်ကာ အနိုင်ကျင့်တာချင်းက မတူပါဘူး။ ကွဲကွဲပြားပြားသိတတ်ဖို့ လိုပါလိမ့်မယ်။

တစ်ဖက်သားက အရမ်းကြီး ချုပ်ကိုင်ခြယ်လှယ်ကာ အနိုင်ကျင့်နေကြောင်းကို ဘယ်လိုသိနိုင်မလဲ။ ထိုကဲ့သို့ ခံစားရတဲ့အခါ ထို Relationship ကနေ ဘယ်လို ရုန်းထွက်ရမလဲ။

သဝန်တိုလွန်းပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုပါ ဝင်ရောက်စွက်ဖက်နေပြီလား

လူတိုင်းက သဝန်တိုတတ်ပါတယ်။ ချစ်မိပြီဆိုမှတော့ အနည်းနဲ့အများတော့ သဝန်တိုတတ်ကြမှာပါပဲ။ တစ်ခါတစ်လေ မဆိုစလောက်ကလေး သဝန်တိုတတ်တာကတော့ ချစ်ဖို့ကောင်းပေမယ့် အမြဲတမ်းသဝန်တိုလွန်းကာ လူတကာနဲ့ လိုက်စွပ်စွဲနေတာကတော့ ဘယ်လိုမှ အဆင်ပြေရမှာမဟုတ်ပါဘူး။

စိတ်မချလို့ပါဆိုပြီး ကိုယ့်ကို ၂၄ နာရီလုံးလုံး မျက်စိဒေါက်ထောက်ကြည့်တာကလည်း တစ်ဖက်သားကို စိတ်ကျဥ်းကြပ်စေပြီး သူ့ရဲ့ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်သည်လည်း ထိပါးလာပါလိမ့်မယ်။

ဒီလိုကနေ တဖြည်းဖြည်းနဲ့ သင့်သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့အခါမှာလည်း မသွားရဘူး။ ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ စသည်ဖြင့် တားဆီးပိတ်ပင်ခြင်းဟာ သင့်ကို တစ်ဖက်သတ် ချုပ်ကိုင်ခြယ်လှယ်နေတာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မပိုင်တော့သလို ခံစားရတဲ့အခါ (သို့) သိမ်ငယ်သလို ခံစားရနေပါသလား

တစ်ဖက်သားက ကိုယ့်ကိုယ် ချုပ်ကိုင်လွန်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသည်လည်း တဖြည်းဖြည်း ပျောက်ဆုံးလာပါလိမ့်မယ်။ ကိုယ့်ကို အမြင့်ရောက်အောင့် တွန်းပို့နေတာမျိုးမဟုတ်ဘဲ အောက်သို့သာ ကျသွားအောင် ဆွဲချနေတဲ့ Relationship တစ်ခုကနေ အမြန် ရုန်းထွက် သင့်ပါတယ်။

လူတစ်ယောက်က အခြားသူတစ်ယောက်ကို အမှန်တကယ်ချစ်တယ်ဆိုရင် ထိုသူ ပျော်ရွှင်ရတာ၊ အောင်မြင်ရတာကိုပဲ မြင်ချင်ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်ဟာ အားပေးဖော် အားပေးဖက်ကောင်းဖြစ်ဖို့လိုအပ်ပါတယ်။

သို့သော် သင့်ကို သူ့စိတ်တိုင်းကျ ချုပ်ကိုင်ခြယ်လှယ်တဲ့သူမျိုးထံကနေတော့ အားပေးစကားကြားရဖို့ မမျှော်လင့်ပါနဲ့။ ထိုကဲ့သို့သော သူတွေဟာ အတ္တသမားတွေဖြစ်ပြီး သင့်ကို ချစ်ပေမယ့်လည်း သင်က သူတို့ထက် အောင်မြင်သွားမှာကိုတော့ မလိုလားကြပါဘူး။

သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်နေပြီလား

ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့အခါ မိမိက လက်သင့်မခံနိုင်ကြောင်း ပြောပြဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အကြမ်းဖက်မှုကို မကျူးလွန်မိဖို့လိုအပ်ပါတယ်။ ရန်ဖြစ်တိုင်းမှာ စကားနဲ့ ရန်ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်ကို နားရွက်ဆွဲလိမ်တာမျိုး၊ ပစ္စည်းများနှင့် ကိုင်ပေါက်ပစ်တာမျိုး အစရှိတဲ့ အသားနာကျင်အောင် ပြုလုပ်ခြင်းတို့သည် အိမ်တွင်းအကြမ်းဖက်မှုကို ဦးတည်နေတာပဲဖြစ်ပါတယ်။

ရည်းစားဘဝမှာတောင် ဒီလို အနိုင်ကျင့်မယ်ဆိုရင် အိမ်ထောင်သည်ဘဝ ရောက်တဲ့အခါ ဘယ်လောက်ထိ ပိုဆိုးမလဲဆိုတာကတော့ ကိုယ်တိုင် စဥ်းစားကြည့်လိုက်ပါ။ ငါ့ကို ချစ်တာပဲလေ တစ်ချိန်ချိန်တော့ ပြောင်းလဲမှာပါဆိုပြီး ဖြည့်မတွေးပေးလိုက်ပါနဲ့။ ဗီဇဆိုတာ ဖျောက်ဖျက်ရခက်ပါတယ်။ ဖျောက်မယ်ဆိုရင်တောင်မှ ခဏတာပဲဖြစ်ပြီး ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပဲ ဖြစ်သွားမှာပါ။

အမြန်ဆုံး လမ်းခွဲလိုက်ပါ

ကိုယ့်အနေနဲ့ ဒီလို ခြယ်လှယ်ခံနေရတာကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီးတာတောင်မှ တစ်ဖက်က မဆင်ခြင်ဘဲ ခြယ်လှယ်မြဲ ခြယ်လှယ်ဆဲ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကိုလည်း မရပ်တန့်ဘူးဆိုရင်တော့ အကောင်းဆုံးအဖြေက လမ်းခွဲတာပါပဲ။ ချစ်ပေမယ့်လည်း တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေသွားရမယ်ဆိုရင်တော့ အချစ်တွေသည်လည်း ထာဝစဥ် တည်မြဲမှာမဟုတ်ဘဲ သေဆုံးသွားမှာပဲဖြစ်ပါတယ်။ ချိုမြိန်နှစ်လိုဖွယ်ကောင်းတဲ့ အချစ်ကို ရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်နေတဲ့သူနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းတစ်ခုကို တည်ဆောက်နိုင်ပါ့မလား။

Source: Brightside