လေ့ကျင့်ခန်း လုပ်ရတာကို သဘောကျပြီး အမြဲလုပ်နေတတ်တဲ့ မိန်းကလေးတွေကို သင်မြင်ဖူးမှာပါ။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က အချိုးကျပြီး အားကျနေရတတ်ပါတယ်။ သင်က သင်အားကျရတဲ့ မိန်းကလေးတွေလို လေ့ကျင့်ခန်း ပုံမှန် လုပ်ချင်ပေမယ့် လုပ်ခါနီးတိုင်း ပျင်းနေတာ၊ အကြောင်းတစ်ခုခု အမြဲပေါ်ပြီး လုပ်ဖို့ အချိန်မပေးနိုင် ဖြစ်နေရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့ ကြိုးစားကြည့်သင့်ပါတယ်။

၁။ သင်ကြိုက်တဲ့ အစီအစဉ်ကို ရွေးချယ်ပါ

အခုနောက်ပိုင်း လေ့ကျင့်ခန်း အမျိုးအစားတွေလည်း အမျိုးမျိုး ပေါ်လာပြီ ဖြစ်တာမို့ သင့်အနေနဲ့ မကြိုက်ဘဲ အတင်းဖိလုပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့်ပဲ လေ့ကျင့်ခန်း လုပ်ဖို့ သင်ပျင်းနေတာပါ။ ဥပမာ သင်က ပြေးရတာကို မကြိုက်ရင် အတင်းပြေးစရာ မလိုပါဘူး။ ဒီအစား အစားထိုးနိုင်မယ့် လေ့ကျင့်ခန်း များစွာရှိပါတယ်။

၂။ အမြဲအသစ်ဖြစ်နေအောင် ဖန်တီးထားပါ

သင်နှစ်သက်တဲ့ ကစားနည်းတွေတောင် လုပ်တာကြာလာရင် ပျင်းစရာ ကောင်းလာတတ်ပါတယ်။ ဒါကြောင့် သင်လုပ်တဲ့ လေ့ကျင့်ခန်း Program တွေကို နှစ်ပတ် သုံးပတ် ကြာတိုင်း ပြောင်းသင့်ပါတယ်။ လေ့ကျင့်ခန်းတွေကို အမြဲ စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားသင့်ပါတယ်။

၃။ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်း လုပ်ပါ

သင်က တစ်ယောက်တည်း လေ့ကျင့်ခန်း လုပ်ရတာ မကြိုက်ရင် သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လုပ်သင့်ပါတယ်။ လူအများနဲ့ လုပ်ရင် ပိုအားတက်မှာပါ။

၄။ အုပ်စုလိုက် ရည်မှန်းချက် ပန်းတိုင်ထားပါ

သင်က သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်း လုပ်ရင် အတူတူ ဘယ်လမှာ ဘယ်နှစ်ပေါင်ကျရမယ် စသဖြင့် ရည်မှန်းချက် ထားသင့်ပါတယ်။

၅။ ကိုယ်ပိုင် ရည်မှန်းချက်ထားပါ

သူငယ်ချင်းတွေနဲ့ ရည်မှန်းချက် ထားသလို ကိုယ့်အတွက် တစ်ကိုယ်တော် ပန်းတိုင် ထားသင့်ပါတယ်။ ဥပမာ- သင်က ပထမလမှာ လေ့ကျင့်ခန်း ၁၀ မိနစ် လုပ်နိုင်ရင် နောက်လမှာ မိနစ် ၂၀ ပြည့်အောင် လုပ်တာမျိုးပါ။

၆။ အချိန်ပေးပါ

အရာရာတိုင်းအတွက် အချိန်ပေးရင် မလုပ်ဖြစ်တာ မရှိပါဘူး။ အရေးကြီးတာက သင်လုပ်မယ့် အရာမှာ အချိန်ပေးဖို့ပါ။ လေ့ကျင့်ခန်းလုပ်တာကိုလည်း အချိန်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ခန်း လုပ်ခြင်းက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်လို့ပါ။

၇။ လိုတာတွေ ဝယ်ထားပါ

အားကစားလုပ်ဖို့ အားကစားဝတ်စုံတွေ ဝယ်ထားတာ၊ အလေးတုံးတွေ ဝယ်ထားတာ စတာတွေက လေ့ကျင့်ခန်းလုပ်ဖို့ ပိုတွန်းအား ဖြစ်စေပါတယ်။

၈။ အောင်မြင်မှုကို အသိအမှတ်ပြုပါ

ပျော်ဖို့ကောင်းတဲ့ အပြုအမူတစ်ခုက တစ်ခုခု အောင်မြင်တိုင်း ဒါအတွက် အောင်ပွဲခံတာပါ။ သင့်အနေနဲ့ သင်လိုချင်တဲ့ ပန်းတိုင် မရောက်မချင်း အောင်မြင်မှု သေးသေးလေးတွေအတွက်ပါ အောင်ပွဲခံသင့်ပါတယ်။

၉။ ဘာမှ ထူးမလာတော့တဲ့ ကာလ

လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် လုံးဝ မထူးခြားလာတဲ့ ကာလတစ်ခုကို လေ့ကျင့်ခန်း လုပ်တာ ကြာလာသူတိုင်း ကြုံဖူးမှာပါ။ ဒီကာလကို သင်က နားလည်ထားပြီး အမြဲရှေ့ဆက်တိုးပြီး ပုံမှန် လုပ်သွားဖို့ လိုပါမယ်။

Photo Source: Pinterest

By MyStyle Myanmar