မနေ့ကမှ ဝယ်ထားတဲ့ အသစ်စက်စက်ဖိနပ်က တစ်ရက် နှစ်ရက်ပဲ ထုတ်စီးရသေးတယ် ပေရေညစ်ပတ်နေလို့ စိတ်ညစ်နေပြီလား။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ သင့်ဖိနပ်ကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင် သင့် ဖိနပ်လေးက စဝယ်တုန်းကအတိုင်း အသစ်စက်စက်လှပနေမှာပဲဖြစ်ပါတယ်။
မုန့်ဖုတ်ဆိုဒါအသုံးပြုပါ
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာ သင့်ရဲ့ ညစ်ပေနေတဲ့ဖိနပ်အပေါ် ဘရက်ရှ်လေးအသုံးပြုပြီး ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့်အထိ ထားထားလိုက်ပါ။ တကယ်လို့ သင့်အနေနဲ့ ၂ နာရီကြာအောင် ထားချင်တယ်ဆိုလည်း ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့် ဖိနပ်က တဖြည်းဖြည်းဖြူဝင်းလာပါလိမ့်မယ်။
အိမ်သာသုံးစက္ကူအသုံးပြုပါ
ဖိနပ်ဆေးပြီးတဲ့အခါ ဖိနပ်ပြန်ခြောက်သွားပြီဆိုရင် အဝါရောင် အစွန်းအထင်းများ အကွက်များ ပေကျံသွားတတ်ပါတယ်။ ဒီလို မပေကျံချင်ဘူးဆိုရင်တော့ သတင်းစာစက္ကူ (သို့) အိမ်သာသုံးစက္ကူအသုံးပြုပေးလိုက်ပါ။ ဒါ့အပြင် ဖိနပ်ကို ပုံစံမပျက်ယွင်းစေချင်တဲ့အခါမှာလည်း ထိုစက္ကူကို ဖိနပ်ထဲ ထိုးထည့်ထားနိုင်ပါသေးတယ်။
ဖိနပ်ရဲ့ဖနောင့်ကို ဖြူဖွေးစေချင်တယ်ဆိုရင်
ဖိနပ်ရဲ့ ဖနောင့်က များသောအားဖြင့် တိုက်ချွတ်ရခက်လှပါတယ်။ အဲ့ဒီအခါ ရေနွေးပူ စားပွဲတင်ဇွန် ၁ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောနှောပေးလိုက်ပါ။ ထို့နောက် ဖနောင့်သားကို ဘရက်ရှ်လေးနဲ့ တိုက်ချွတ်ပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၃၀ ခန့် ဒီအတိုင်းထားလိုက်ပါ။ ရရှိလာတဲ့ရလဒ်ကို သင် ကျေနပ်ရပါလိမ့်မယ်။
လည်သာဖိနပ်မှာ ခြစ်ရာစွန်းထင်းသွားတဲ့အခါ
ဝါဂွမ်းစလေးပေါ်မှာ လက်သည်းဖျက်ဆေးအနည်းငယ် ဆွတ်ပြီးနောက် ခြစ်ရာအကွက်ရာ ဖြစ်နေတဲ့ ဖိနပ်ပေါ်မှာ ဖိကပ်ပေးလိုက်ပါ။ သတိထားရမယ့် တစ်ချက်က ဖိနပ်ကို မပွတ်တိုက်မိလိုက်ပါစေနဲ့။ ဒါဆိုရင်တော့ သင့် ဖိနပ်က ကြည့်ဆိုးလောက်အောင် အကွက်၊ အစင်းကြောင်းရာကြီး ထင်နေမှာမဟုတ်တော့ပါဘူး။
အခုဆက်ဖော်ပြပေးမယ့် နည်းလမ်းလေးကိုတော့ အားလုံးပြီးဆုံးသွားမှာ နောက်ဆုံးပိတ်အနေနဲ့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
သင့်ဖိနပ်ရဲ့ တောက်ပြောင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖိနပ်ကို အုန်းဆီနဲ့ ပွတ်တိုက်ပေးရမှာပဲဖြစ်ပါတယ်။ ဝါဂွမ်းစလေးကို အုန်းဆီဆွတ်ပေးပြီးနောက် ဖိနပ်ပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးလိုက်ပါ။ သင့် ဖိနပ်က အသစ်အတိုင်းတောက်ပြောင်နေမှာပဲဖြစ်ပါတယ်။
Source: Brightside.me
By MyStyle Myanmar