သင်က စိတ်ပူတတ်တဲ့ မိဘတွေကြောင့် ကိုယ့် လုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့်တို့ မရှိတာကြောင့် စိတ်ညစ်နေသူလား။ ဒါပေမဲ့ သင်သိထားဖို့က ကိုယ့်ကို ဂရုမစိုက်ဘဲ အချိန်မပေးတဲ့ မိဘတွေထက် စိုးရိမ်ကာ ဂရုစိုက်တဲ့ မိဘတွေ ပိုင်ဆိုင်ထားတာက ပိုကံကောင်းတယ် ပြောရပါမယ်။ ဒါပေမဲ့ ကိုယ့်ကို ကလေးလေးတစ်ယောက်လို ဆက်ဆံနေတဲ့ မိဘတွေကြောင့် တစ်ခါတလေ စိတ်ကျဉ်းကျပ်နိုင်ပါတယ်။ သူတို့က သင်အသက်အရွယ်ရလာတာကို သိပေမယ့် ဒါကို လက်မခံနိုင်ဘဲ စိတ်ပူ ထိန်းချုပ်နေမယ်ဆိုရင် သင့်အနေနဲ့ လွတ်လပ်မှုရဖို့ ဒီအရာတွေကို သိထားသင့်ပါတယ်။

၁။ သင့်ကိုယ်သင် ပြင်ဆင်ပါ

သင်က သင့်ခြေထောက် ပေါ်သင် ရပ်တည်ချင်တယ်၊ လွတ်လပ်ချင်တယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်အရည်အချင်း၊ ကိုယ့်အလုပ် စတာတွေကို စိတ်ချရအောင် ပြင်ဆင်ထားသင့်ပါတယ်​။ မဟုတ်ရင် သင်က မိဘတွေကို ဘယ်လောက်ပဲ တော်လှန်ပါစေ ဒါက သူတို့အတွက် ကလေးနဲ့ တူနေဦးမှာပါ။

၂။ စိတ်ဓာတ်မာအောင်၊ သန်မာအောင် နေပါ

သင်က ပြဿနာဖြစ်တိုင်း၊ အဆင်မပြေတိုင်း ​မိဘတွေ အားကိုးနဲ့ ရှောင်ပြေးနေမယ်ဆိုရင် သင်လိုချင်တဲ့ လွတ်လပ်ခွင့်ကို ရနိုင်မှာ မဟုတ်ပါဘူး။ ကိစ္စတစ်ခုခုဆိုရင် သင်ကိုယ်တိုင် လုပ်မယ်၊ လုပ်နိုင်တယ်ဆိုတဲ့ စကားတွေက မိဘတွေကို စိတ်ချစေပါတယ်။

၃။ အဆက်အသွယ်လုပ်ပါ

သင်က တစ်နေရာရာ သွားမယ်ဆိုရင်လည်း မိဘတွေကို ဖုန်းဆက်မှာ ဖြစ်ကြောင်း ကြိုပြောထားသင့်ပါတယ်။ ကိုယ် ပြောထားတဲ့အတိုင်း သူတို့ စိတ်ချအောင် အဆက်အသွယ် လုပ်ရပါမယ်။

၄။ အပေးအယူ

သင့်ကို ဒါလုပ်ခွင့်ပေးရင် သင်က ဘာပြန်လုပ်ပေးမယ် ဖြစ်ကြောင်း အပေးအယူ လုပ်ကြည့်သင့်ပါတယ်။ ပြောတဲ့အတိုင်း ကတိတည်သင့်ပါတယ်​။ ဒီလိုဆိုရင် သင့်မိဘတွေက သင်ရင့်ကျက်လာပြီ ဖြစ်ကြောင်း သဘောပေါက်လာပါလိမ့်မယ်။

၅။ စိတ်ရှည်ပါ

သင်က ဘယ်လောက်ပဲ စိတ်ရှုပ်ပါစေ မိဘတွေနဲ့ ပြဿနာတက်တာကို တတ်နိုင်သလောက် ရှောင်ရပါမယ်။ သားသမီးအပေါ်ထားတဲ့ မိဘရဲ့ သံယောဇဉ်က ကမ္ဘာပေါ်က အရာတိုင်းထက် ပိုကြီးမားပါတယ်​။ ဒါကြောင့် သင့်မိဘတွေ သင့်ကို လွတ်လပ်ခွင့်ပေးဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် မိဘတွေအပေါ် နားလည်ပေးပြီး စိတ်ရှည်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar