လောကကြီးမှာရတာမလို၊ လိုတာမရဆိုတဲ့စကားအတိုင်းပဲ ဝနေတဲ့သူတွေက ပိန်ချင်လို့ဝိတ်တွေ ကြိုးစားပြီးချနေတဲ့အချိန်မှာ ပိန်နေတဲ့သူတွေကတော့ ဝချင်လို့ဘာတွေလုပ်ရမလဲဆိုပြီး စိတ်ညစ်နေတတ်ကြပါတယ်။ ဘယ်လောက်ပဲစားစား စားသလောက်ဝမနေတော့လည်း စိတ်ညစ်ရတော့ပေါ့။

ဒါကြောင့် ကိုယ်အလေးချိန်တိုးချင်တဲ့သူတွေအနေနဲ့ ဒါတွေကိုစားပေးနေမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာပဲ ကျန်းမာရေးနဲ့ကိုက်ညီစွာ ဝိတ်တက်လာစေမှာပဲဖြစ်ပါတယ်။

အမဲသား

ကျန်းမာရေးနဲ့လျောညီမှုရှိပြီး ကိုယ်အလေးချိန်တိုးချင်တယ်ဆိုရင်တော့ အမဲသားစားပေးတာက အကောင်းဆုံးပါ။ အမဲသားစားတာက ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်း ပြည့်ဝစေပြီး အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ တစ်ပတ်ကိုတစ်ခါလောက်ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုလည်းတိုးလာစေမှာပဲဖြစ်ပါတယ်။

အသီးအနှံ

လူတစ်ယောက်ရဲ့နေ့စဉ်စားသောက်တဲ့ အစားစာစာရင်းထဲမှာ အသီးအနှံကနေ့တိုင်းပါဝင်နေသင့်ပါတယ်။ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီးစတဲ့အသီးအနှံတွေကို များများစားပေးမယ်ဆိုရင် ဒီအသီးနှံတွေမှာပါတဲ့ ကယ်လိုရီတွေက သင့်ကိုအလေးချိန်တိုးစေဖို့ အထောက်အကူပြုနေတာပဲဖြစ်ပါတယ်။

နွားနို့

နွားနို့သောက်ပေးရင် အာဟာရဓာတ်တွေပြည့်ဝပြီး ကိုယ်အလေးချိန်တိုးဖို့ကို အများကြီးအထောက်အကူပြုနိုင်ပါတယ်။ နွားနို့စစ်စစ်ဖြစ်ဖို့တော့ အရေးကြီးပါတယ်နော်။

ထောပတ်သီး

ထောပတ်သီးကအဆီများတဲ့အစားစာဖြစ်တာကိုတော့ ပျိုမေတို့လည်းသိထားပြီးသားဖြစ်မှာပါ။ ထောပတ်သီးမှာပါဝင်နေတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တိုးစေဖို့ အထောက်အပံ့ကောင်းကောင်းပေးနိုင်ပြီး အသားအရေလှပဖို့လည်း ကူညီပေးနိုင်ပါတယ်။

မြေပဲ

နေ့ခင်းနေ့လည်တွေမှာ အဆာပြေတစ်ခုခုစားတော့မယ်လို့ စဉ်းစားလိုက်ပြီဆိုရင်လည်း ကိုယ်အလေးချိန်တိုးဖို့ကို ကူညီပေးနိုင်တဲ့ မြေပဲကိုများများစားပေးတာက ပိုပြီးတော့အဆင်ပြေစေပါတယ်။ မြေပဲမစားချင်တော့ဘူးဆိုရင်လည်း မြေပဲယိုကို ပေါင်မုန့်နဲ့သုတ်ပြီးစားတာမျိုးလုပ်ပေးလို့ရပါတယ်။

ဒီအစားစာတွေကတော့ ကိုယ်အလေးချိန်တိုးဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့ မေ့မထားသင့်တဲ့ အစားစာတွေပဲဖြစ်ပါတယ်