မိန်းကလေး အများစုရဲ့ ရည်ရွယ်ချက်က ဝိတ်ကျတာ ဖြစ်တာကြောင့် ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက များပြားလှပေမယ့် ဝိတ်တက်ချင်တဲ့ မိန်းကလေးတွေအတွက်တော့ လုပ်စရာတွေက လွယ်မလိုလိုနဲ့ ခက်ခဲတတ်ပါတယ်။ ဘာစားစား မဝလာတဲ့ မိန်းကလေးတွေကို အများစုက အားကျတတ်ကြပေမယ့် သူတို့ ကိုယ်တိုင်က ဒီထက် အနည်းငယ် ပြည့်ပြည့်လေး ဖြစ်ချင်ကြပါတယ်။ ပိန်လွန်းတဲ့ မိန်းကလေးတွေမှာလည်း သူ့အခက်အခဲနဲ့ သူရှိကြပါတယ်။ ဝိတ်ကျဖို့က နည်းလမ်းတွေ များပြားသလို လိုက်နာရလွယ်ကူပေမယ့် ဝိတ်တက်ဖို့ကျတော့ ခက်ခဲတတ်ပါတယ်။ လုပ်ရတဲ့ အရာတွေကလည်း ဝိတ်ကျချင်သူထက် ပိုခက်ခဲလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ဝိတ်တက်ချင်တဲ့ မိန်းကလေးတွေ အိမ်မှာပဲ အလွယ်တကူ လိုက်လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ မစားခင် ရေမသောက်ပါနဲ့

ပိန်တဲ့ မိန်းကလေးအများစု လုပ်တတ်တာက ထမင်းမစားခင် ရေသောက်ပစ်တာပါ။ ဒီလိုလုပ်တာက ကိုယ်အလေးချိန်ကျချင်သူတွေအတွက် သင့်တော်ပေမယ့် ပိန်တဲ့ မိန်းကလေးတွေအတွက်တော့ အလိုလိုနေရင်း ဗိုက်ပြည့်သွားတတ်ပါတယ်။ ဒါကြောင့် မစားခင် ရေမသောက်ဘဲ နေသင့်ပါတယ်။

၂။ အိပ်ချိန်ကို မှန်အောင်ထားပါ

အိပ်ချိန်မမှန်တဲ့ မိန်းကလေးတွေက စိတ်ဖိစီးမှု ပိုများလွယ်ပြီး ပိန်တတ်သူတွေဆိုရင် နဂိုထက် ပိုပိန်လာတတ်ပါတယ်။ ပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်နေဖို့ အိပ်ချိန်ကို ဂရုစိုက်သင့်ပြီး အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။

၃။ ပရိုတင်းဓာတ်

ဝချင်တဲ့ မိန်းကလေးတွေအနေနဲ့ အဆီများတာတွေကို စားမယ်ဆိုရင် ဒါက ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ဝိတ်တက်လာစေမှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းများတဲ့ အစားအသောက်တွေကို ပိုစားပြီး ဝိတ်တင်သင့်ပါတယ်။

၄။ ဆီအစား ထောပတ်ကို သုံးပါ

တစ်ခုခု ကြော်တဲ့အချိန် ဆီမသုံးဘဲ ထောပတ်ကို ထည့်သင့်ပါတယ်။ ထောပတ်က သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီကို ပေးနိုင်ပြီး ပိုကျန်းမာလာစေမှာပါ။

၅။ များများစားပါ

ဒါကတော့ ရိုးရှင်းပါတယ်။ ဝချင်တဲ့ မိန်းကလေးတွေအနေနဲ့ တစ်ခါစားရင် ခပ်များများလေး စားသင့်ပါတယ်။ ကိုယ်စားတဲ့ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို အချိုးညီညီနဲ့ ပမာဏများများ စားပေးသင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar