သင်သည် စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ထားတယ်။ သူက ချစ်ဖို့ကောင်းတဲ့အပြင် စိတ်နေစိတ်ထားကလည်း ကောင်းမွန်တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာတစ်ခုက သူ့မှာ ပိုင်ရှင်ရှိပြီးသားဖြစ်နေတယ်။

ပိုင်ရှင်ရှိပြီးသား ကောင်လေးတစ်ယောက်ကို စိတ်မဝင်စားသင့်မှန်း သင် သိနေပေမယ့် ကိုယ့်ရဲ့စိတ်အာရုံထဲကနေ သူ့ကို ထုတ်မရဖြစ်နေတယ်။

ဒီလိုအခြေအနေမျိုးကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ မွန်းကြပ်သလို ခံစားလာရတဲ့သူများအတွက် ပိုင်ရှင်ရှိတဲ့ကောင်လေးကို မေ့ဖျောက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဆိုရှယ်မီဒီယာကနေ သူ့ကို အဆက်အသွယ်ဖြတ်လိုက်ပါ

သူ့ရဲ့ Facebook ၊ Instagram တွေထဲ ဝင်မကြည့်ပါနဲ့တော့။ သူ တင်တဲ့ ပို့စ်ပေါ်မှာ ကွန်းမန့် ဝင်မရေးပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင် Unfollow သာ လုပ်ထားလိုက်ပါ။ တစ်ရက် နှစ်ရက်ကတော့ သင့်အတွက် ငရဲလိုပါပဲ။

ဒါပေမဲ့ ရက်ကြာလာတဲ့အခါ တဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။ ဒါမှသာ နောက်ထပ် ချစ်ဖို့ကောင်းပြီး ပိုင်ရှင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ကို ရှာဖွေနိုင်မှာမဟုတ်လား။

ကိုယ့်ရဲ့သူငယ်ချင်းများနဲ့ များများအချိန်ကုန်ဆုံးပါ

ကိုယ့်သူငယ်ချင်းများနဲ့ များများအချိန်ကုန်လေ သူ့အကြောင်း မစဉ်းစားမိလေပါပဲ။ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ခံစားချက်များ ကောင်းမွန်အောင် ဖန်တီးယူကာ သူ့အကြောင်း စိုးစဉ်းမျှ မစဉ်းစားမိအောင် ဖန်တီးယူနိုင်ပါတယ်။

ကိုယ့်ရဲ့ဝါသနာနဲ့ စိတ်ဝင်စားစရာများအပေါ် အာရုံစိုက်ပါ

ကိုယ့်ရဲ့ဝါသနာက စာဖတ်ခြင်းဆိုရင် စာအုပ်တစ်အုပ် ကောက်ဆွဲပြီး ထိုစာအုပ်ထဲ ဈာန်ဝန်သွားတဲ့အခါ သူ့ကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။ ပန်းချီဆွဲတာတို့လို ကိုယ့်ရဲ့ဝါသနာများကို အချိန်ပေးပြီး ပြုလုပ်ဖြစ်တဲ့အခါ သူ့ကိုလည်း တဖြည်းဖြည်း မေ့ပျောက်သွားပါလိမ့်မယ်။

ကိုယ့်ရဲ့အရင်းနှီးဆုံး အယုံကြည်ရဆုံး ဘော်ဒါတစ်ယောက်ထံ ကိုယ့်ရဲ့အဖြစ်ဆိုးကို ရင်ဖွင့်ကြည့်ပါ

ဒီလိုရင်ဖွင့်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ခံစားနေရတဲ့ဝန်ထုပ်ဝန်ပိုးသည်လည်း တစ်ဝက်ခန့် လျော့ပါးသက်သာသွားပါလိမ့်မယ်။ တစ်ခုရှိတာကတော့ အယုံကြည်ရဆုံး ဘော်ဒါကိုသာ ရင်ဖွင့်ဖို့ပါပဲ။ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုး မဖြစ်ရပါဘူး။

သင့်အတွက်မဟုတ်ဘူးဆိုတာကို လက်ခံလိုက်ပါ

သူ့လက်ရှိရည်းစားနဲ့ ပြတ်သွားတဲ့အခါ သင်တို့နှစ်ယောက် ချစ်သူရည်းစားဖြစ်နိုင်တယ်ဆိုတဲ့ အိပ်မက်မျိုးကို အဝေးသို့ လွှင့်ပစ်လိုက်ပါ။ ထိုအတွေးမျိုးက သင့်ရဲ့စိတ်ခံစားချက်ကိုပဲ ပူလောင်စေပြီး သင့်ကို ရှေ့ဆက်မသွားနိုင်အောင် ဖမ်းဆွဲထားတာပါ။

သူတို့နှစ်ယောက် ပြတ်သွားခဲ့ရင်တောင်မှ သူက သင့်ကို ရွေးချယ်ချင်မှ ရွေးချယ်မှာပါ။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သူ့ကို မေ့ပစ်လိုက်ပါ။ ကိုယ့်အတွက် သင့်တော်မယ့် ကိုယ်ကလည်း အမှန်တကယ် ချစ်မြတ်နိုးနိုင်မယ့် နောက်ထပ် ကောင်လေးတစ်ယောက်ကို ရှာဖွေလိုက်ပါ။