ကောင်မလေးက ကောင်လေးကို အရမ်းချစ်တယ်။ ကောင်လေးလိုတာမှန်သမျှ အကုန်ဖြည့်ဆည်းပေးတယ်။ သူ့ရဲ့ အချိန်အားလုံးက ကောင်လေး အတွက်ပဲ။ ကောင်လေးက ဒါကိုနားမလည်ဘူး။ တဖြည်းဖြည်းနဲ့ ကောင်မလေးစိတ်ပျက်လာတယ်။ နောက်ဆုံးမှာတော့ ကောင်မလေး လက်လျှော့လိုက်တဲ့အချိန် ကောင်လေးက အမြင်မှန်ရသွားပြီး သူတို့နှစ်ယောက်ပြန်ဆုံစည်းသွားတယ်။ ကောင်လေးက သူ့အကျင့်ဆိုးတွေကို ကောင်မလေးအတွက်ပြန်ပြင်တယ်။ Happily Ever After ပေါ့။

ဒါကတော့ ကိုးရီးယားဇာတ်လမ်းတွေ၊ အချစ်ဇာတ်လမ်းတွေမှာ ပရိတ်သတ်အများစုမြင်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်တွေက အပြင်မှာ တကယ်ဖြစ်ဖို့ ရာခိုင်နှုန်းနည်းလွန်းတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က လူတစ်ယောက်ကြောင့်ပြောင်းလဲသွားတယ်ဆိုတာ မရှိပါဘူး။ သူ့ကိုယ်သူပြန်ပြင်မှ ပြောင်းလဲနိုင်မှာပါ။

မိန်းကလေးအများစုကတော့ ဇာတ်လမ်းထဲကလို အပြင်မှာတကယ်ဖြစ်နိုင်တာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကောင်လေးပြောင်းလဲလာမယ့်အချိန်ကို စောင့်တတ်ကြတယ်။ ဒါကမှားယွင်းတဲ့အပြုအမူတစ်ခုပါ။ တကယ့်လက်တွေ့မှာ ဒီလုပ်ရပ်က သင့်ကို စိတ်ချမ်းသာစေမှာမဟုတ်သလို သင့်အချိန်တွေ ကုန်ပါတယ်။ ဒါကြောင့် လိုသုံးသာသာသဘောထားတဲ့ ယောကျာ်းတစ်ယောက်ကို မေ့ပစ်တာက မှန်ကန်တဲ့လုပ်ရပ်ပါ။

ပျိုမေတို့အတွက် အဲ့လိုယောကျာ်းမျိုးကို ဘဝထဲက အပြီးအပိုင် ဖယ်ထုတ်ပစ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူပြန်ချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ကို လွှတ်ချလိုက်ပါ

တစ်နေ့သူငါ့ကို ပြန်ချစ်လာစေရမယ်။ ငါသူ့အပေါ်ကောင်းရင် သူလည်း တစ်နေ့ငါ့မေတ္တာတွေကို နားလည်နိုင်လိမ့်မယ်။ ဒီခံယူချက်တွေက သင့်ရဲ့ပန်းတိုင်တစ်ခုလို ဖြစ်နေတတ်ပါတယ်။ သူ့ကိုဘာလို့ချစ်လဲ? သူ့အကြောင်းတွေကို ဘာလို့တွေးနေမိလဲ?  ဒီအကြောင်းတွေကို စာရေးတာ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို ရင်ဖွင့်ပေးပါ။ စာထဲရေးပြီးတာနဲ့ မီးရှို့တာ ဒါမှမဟုတ် မြေကြီးထဲမြှုပ်တာဖြစ်ဖြစ် လုပ်လိုက်ပါ။ သူ့အကြောင်းပြန်တွေးမိတဲ့အချိန် ကိုယ့်ကိုကိုယ် တွေးမိနေပြီဆိုတာ အသိကပ်လိုက်ပါ။ ဒီအကြောင်းအရာကို သင်အခုဖတ်နေတာဆိုရင် သင်သူ့ကို မေ့ချင်နေတာပဲမဟုတ်လား။ သူကိုယ့်ကိုတကယ်မချစ်ရင်လည်း ကမ္ဘာပျက်သွားတာမှမဟုတ်တာ။

၂။ ငိုချလိုက်ပါ

ငါ့မှာတော့ သူ့အပေါ်ကောင်းလိုက်ရတာ။ သူကတော့ ငါ့ကို လိုအပ်မှ လာခေါ်တယ်ဆိုတဲ့အတွေးတွေကြောင့် ယူကြုံးမရဘဲ ငိုချင်နေပြီလား။ ငိုချလိုက်ပါ။ ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့။ ငိုတာကရှက်စရာမဟုတ်ပါဘူး။ ငိုပြီးရင်တော့ ဘာတွေလုပ်သင့်လဲကြည့်လိုက်ရအောင်-

  • သင့်ကို တက်ကြွစေတဲ့ သီချင်းတွေနားထောင်လိုက်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ
  • ဒိုင်ယာရီချရေးပါ
  • သူ့အပေါ်ပြောချင်တာတွေကို ချရေးပါ။ သူ့ဆီပို့လိုက်ပါ။ ကိုယ့်ခံစားချက်တွေကို တစ်ခါလောက်တော့ သူ့ကိုထုတ်ပြပါ။ ဒါက စိတ်ပေါ့သွား စေလို့ပါ။
  • လမ်းလျှောက်ပြီး လေကောင်းလေသန့်ရျူရှိုက်ပါ။

၃။ သူ့ရဲ့ သင်မကြိုက်တဲ့အချက်တွေကို ချရေးပါ

တကယ်ပါ။ ကြိုက်နေတဲ့အချိန်ဆိုရင် အဲ့လူက ကိုယ့်အတွက် နတ်သားလေးတစ်ပါးပါ။ သူဘာလုပ်လုပ် အကုန်လှတယ်။ အကုန်ချစ်ဖို့ ကောင်းနေတော့ တာပဲ။ အမှန်တော့ ဒါက ကိုယ့်ရဲ့ချစ်တဲ့စိတ်နဲ့ သူက နတ်သားကြီးဖြစ်နေတာပါ။ သူလည်းသာမန်လူပါပဲ။ သူ့မှာလည်း မကောင်းတဲ့အချက်တွေရှိမှာပါ။ သင်မကြိုက်တဲ့ သဘောမတွေ့တာတွေကို ချရေးပါ။

၄။ ကိုယ့်ကိုကိုယ်အာရုံစိုက်ပါ

ကိုယ့်ကို တန်ဖိုးမထားတဲ့လူတစ်ယောက်အတွက် တကယ်အချိန်ပေးရတာပါ။ သင်မသိလိုက်ပဲနဲ့ကို သူ့အတွက် အချိန်ပေးနေရတာပါ။ သူလိုင်းပေါ်တက်လာမယ့် အချိန်တွေ ထိုင်စောင့်ရတာ။ သူ့ရဲ့ လိပ်ထက်နှေးတဲ့ Reply ကိုစောင့်ရတာ။ သူလိုင်းပေါ်က Out သွားမှာကြောက်လို့ လိုင်းကို အချိန်ပြည့်ဖွင့်ထားရတာ။ ဒါတွေကြောင့် သင့်ကိုယ်သင် အာရုံစိုက်ရမယ့်အချိန်တွေ လျော့သွားစေပါတယ်။

  • သင့်ရဲ့အားသာချက်တွေကို ချရေးပါ
  • သင်ဘာကိုဝါသနာပါလဲ။ ဘာလုပ်နေရရင်ပျော်သလဲချရေးပါ။ ဒါတွေကို အချိန်ပေးပြီးလုပ်ပေးပါ။
  • အချစ်ရေးတစ်ခုမှာ သင်ဖြစ်စေချင်တာတွေချရေးပါ။ သေချာတာတစ်ခုကတော့ သင်အခုချစ်နေတဲ့ အမျိုးသားက သင်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပဲစေ့လောက်ပဲ ဖြည့်ဆည်းပေးနေတာပါ။

၅။ သူငယ်ချင်းတွေကိုအချိန်ပေးပါ

ကိုယ်အထီးကျန်နေတဲ့အချိန်မှာ အနားမှာရှိနေပေးမှာက သင့်သူငယ်ချင်းတွေပါပဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တဲ့ မိန်းကလေးတစ်ယောက်က ဆွဲဆောင်မှုရှိလွန်းပါတယ်။

၆။ ပန်းတိုင်တွေချမှတ်ပါ

ပန်းတိုင်ဆိုတာ သူပြန်ချစ်လာရမယ်ဆိုတဲ့ပန်းတိုင်ကို ပြောတာမဟုတ်ဘူးနော်။ တစ်နေ့ငါ မီလီယံနာတစ်ယောက်ဖြစ်လာရမယ်။ ငါအလှဆုံး ကျက်သရေအရှိဆုံး မိန်းကလေးဖြစ်နေရမယ်ဆိုတဲ့ ဘဝပန်းတိုင်တွေပါ။ ပန်းတိုင်တွေကို စာအုပ်တစ်အုပ်ထဲချရေးပြီး အောင်မြင်အောင် ဘယ်ကနေ စလုပ်မလဲ အဆင့်သေးသေးလေးတွေ ချမှတ်ပါ။ ဥပမာ သင်က အလှပြင်ဆိုင်ဖွင့်ဖို့ ရည်မှန်းချက်ရှိရင် ပထမဆုံးလုပ်ရမယ့်ခြေလှမ်းက အလှပြင် သင်တန်းတက်တာ၊ ဆိုင်ဖွင့်ဖို့ ပိုက်ဆံစုတာ စတာတွေပါ။

၇။ သူနဲ့ပတ်သက်မှုကို တတ်နိုင်သလောက်လျှော့ချပါ

သူ့ကိုမေ့တယ်ဆိုမှတော့ သူနဲ့မတွေ့တာအကောင်းဆုံးပါပဲ။ တကယ်လို့တွေ့ရတဲ့အခြေအနေရှိရင်တောင် သူ့အပေါ်အရင်လို ကောင်းမနေပါနဲ့တော့။ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ပေးပါ။ အတိတ်တွေကို မေ့ပြီး ပစ္စုပ္ပန်မှာ နေထိုင်ပါ။

၈။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ

သင့်ဘဝမှာ သင်က အရေးအကြီးဆုံးပါ။ သူက ကိုယ့်ကို ဂရုမစိုက်လို့ ကိုယ့်ကိုကိုယ် အမှိုက်တစ်ခုလို တွေးစရာမလိုပါဘူး။ အလှဆုံးဖြစ်အောင် နေထိုင်ပါ။ တစ်နေ့ သင့်အပေါ်တန်ဖိုးထားတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံစည်းမှာပါ။ ကိုယ်က လူအားလုံးအပေါ်ကောင်းတဲ့သူပဲလေ။

၉။ အဆင်သင့်ဖြစ်တဲ့အချိန် နောက်တစ်ယောက်နဲ့ တွေ့ကြည့်ပါ

သူ့ကိုမေ့ချင်လို့ဆိုပြီး ကိုယ့်ကို အထာပေးတဲ့လူတစ်ယောက်နဲ့ ချက်ချင်း အပြင်မှာ ဒိတ်တာမျိုးကို ဆိုလိုတာမဟုတ်ဘူးနော်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ အရင်တစ်ယောက်ပေါ် သစ္စာထားခဲ့သမျှ ပျက်ပြယ်သွားသလို လူတွေရဲ့အထင်လွဲခြင်းခံရပါလိမ့်မယ်။ လူတစ်ယောက်ကို မေ့ဖို့ နောက်တစ်ယောက် အစားထိုးရတယ်ဆိုတာ အမှန်အကန်ပါပဲ။ မတွဲခင် သူက ကိုယ်လိုချင်တာနဲ့ပြည့်စုံရဲ့လားစဉ်းစားပါ။ သူလည်း ရှေ့တစ်ယောက်လို ကိုယ့်ကို တန်ဖိုးမထားရင်တော့ ခေါက်သာထားလိုက်ပါ။

ကိုယ့်အပေါ်လိုသုံးသဘောထားတဲ့ လူတစ်ယောက်ကို ပေတေပြီး ဆက်ချစ်နေမလား သင်ဆုံးဖြတ်ရမယ့်အချိန်ရောက်ပါပြီ။ သင့်မှာ ရွေးချယ်မှု နှစ်ခုရှိပါတယ်။ ပထမတစ်ခုက သူ့ကိုမေ့ပြီး ကိုယ့်ကိုကိုယ် အလှဆုံးဖြစ်အောင်နေမယ်။ ဘဝတိုးတက်အောင်လုပ်မယ်။ တကယ်လို့ အခြေအနေပေးရင် အဲ့ဂရုမစိုက်တဲ့ယောကျာ်းက လွတ်တဲ့ငါးကြီးပြီးပြန်လာနိုင်ပါသေးတယ်။ ရွေးချယ်မချယ်ကတော့ သင့်ဆုံးဖြတ်မှုပါ။ ဒုတိယတစ်ချက်ကတော့ ကိုယ့်ကိုကိုယ် စိတ်ညစ်ခံပြီး သူ့ဘေးမှာ လိုအပ်တဲ့အချိန်တိုင်းဖြည့်ဆည်းပေးမလား။ သူတန်ဖိုးမထားတဲ့ဘဝနဲ့ဆက်နေမလား။ ဒီနှစ်ခုထဲက သင်ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ ပထမတစ်ခုကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ အပေါ်က ပြောထားတဲ့အချက်တွေကို ပြန်ဖတ်ပြီး ကျင့်သုံးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar