သင့်ကို အပြာရောင်နဲ့ အနီရောင် အရောင် နှစ်ခုပါတဲ့ ဆေးလုံး နှစ်လုံး ပေးမယ်ဆိုပါစို့။ အပြာရောင်ဆေးလုံးကို သင်က ရွေးမယ်ဆိုရင်တော့ အင်တာနက်ကို တစ်နေ့လုံး သုံးပြီး သင်ကြိုက်သလို နေနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်အနေနဲ့ သင့်လုပ်စရာတွေ မပြီးတော့ပါဘူး။

အနီရောင်ကို ရွေးမယ်ဆိုရင်တော့ သင့်အတွက် စိတ်အားထက်သန်မှု ရစေပြီး အလုပ်တွေ ပြီးမြောက်စေပါမယ်။ ဒါပေမဲ့ သင်လုပ်ချင်တဲ့ ပျော်စရာကိစ္စတွေကိုတော့ ခဏ လက်ရှောင်ထားရပါမယ်။ ဒီလိုရွေးခိုင်းမယ်ဆိုရင် သင်ဘယ်ဆေးလုံးကို ရွေးမလဲ။

သင်က အနီရောင်ဆေးလုံးကို ရွေးမယ်ဆိုရင်တော့ အောက်ဖော်ပြပါ အကြောင်းအရာတွေကို ဆက်ကြည့်နိုင်ပါတယ်။

သင်က အလုပ်လုပ် ခါနီးတိုင်း ပျင်းနေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ လုပ်စရာ အလုပ်တွေက သင့်အတွက် ခက်ခဲနေတဲ့အခါ၊ လုပ်စရာများတဲ့အခါ သင့်အတွက် စလုပ်ဖို့က ခက်ခဲနေတတ်ပါတယ်။ ဒီလို အချိန်လိုအပ်လာတာက စိတ်အားထက်သန်မှု Motivation ပါပဲ။ သင်က အလုပ်တစ်ခု လုပ်ဖို့ Motivation လိုချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

စိတ်ကူးပုံဖော်ပါ

သင်အလုပ်ပြီးတာနဲ့ ရလာမယ့် ရလဒ်ကို မြင်ယောင် ကြည့်သင့်ပါတယ်။ ဥပမာ- စာ လေ့လာပြီးနောက် သင် ရလာမယ့် အောင်မြင်မှုတွေ၊ သင် ရလာမယ့် ဆုလာဒ်တွေကို မှန်းကြည့် သင့်ပါတယ်။

ဒီလို စိတ်ကူးပုံဖော်ကြည့်လိုက်တဲ့အခါ သင် အလုပ်လုပ်ချင် စိတ် ပေါ်လာပါလိမ့်မယ်။

နောက်တစ်ခု လုပ်နိုင်တာက ရလဒ် မဟုတ်ဘဲ သင်သာ မလုပ်မိရင် ဘာတွေဖြစ်နိုင်မလဲ အကျိုးဆက်ကို တွေးကြည့်သင့်ပါတယ်​။

ဒါကို မလုပ်မိရင် သင့်ဆီမှာ ဘယ်လို ဆိုးကျိုးတွေ ရနိုင်မလဲ သင် စဉ်းစားကြည့်သင့်ပါတယ်။ ဘယ်အလုပ်မဆို မလုပ်ခဲ့ရင် ဆိုးကျိုး အကျိုးဆက်ကတော့ အနည်းနဲ့ အများ ရှိစမြဲပါပဲ။

ဒါကြောင့် သင့်အနေနဲ့ နောက်တစ်ခေါက် အလုပ်တစ်ခု လုပ်ဖို့ ပျင်းလာခဲ့ရင် အတွေးကို ဦးစားပေးပြီး အရင်ပုံဖော်ကြည့်သင့်ပါတယ်။

ဒီလို ပုံဖော်ကြည့်လိုက်တဲ့ အခါ သင့်စိတ်က ဒီအလုပ်အတွက် စိတ်ပူပြီး လုပ်ချင်စိတ် ပေါ်လာပါလိမ့်မယ်။

ဒီအရာကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သင်အရင်ထက် အလုပ်လုပ်ဖို့ Motivation ပိုရလာပါလိမ့်မယ်။ ဒါ့အပြင် စလုပ်တဲ့ အစ ရှိတာနဲ့ သင်လုပ်ရင်း လုပ်ရင်း ပိုအလုပ်တွင်လာတာကိုလည်း သတိထားမိလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar