ကျွန်ုပ်တို့အများစုဟာ ဘဝရဲ့အရေးကြီးတဲ့နေ့တွေ ၊ အမှတ်တရနေ့တွေ ၊ ခရီးသွားအမှတ်တရ တွေ ၊ မင်္ဂလာပွဲကျင်းပဖို့၊ ပွဲကြီးပွဲကောင်းတစ်ပွဲကျင်းပဖို့၊ စေ့စပ်ပွဲဓာတ်ပုံတွေ စီစဉ်တာ ပဲဖြစ်ဖြစ်၊ ဘွဲ့ယူတာပဲ ဖြစ်ဖြစ် ၊ ဘဝရဲ့အခိုက်အတန့်တိုင်းကို ဓာတ်ပုံတော်တော်များများ ရိုက်ဖြစ်ကြပါတယ်။ ဒီလို ရိုက်တဲ့အခါ ရိုးရိုးရှင်းရှင်း ဆယ်လ်ဖီ အပျော်ရိုက်တာနဲ့ ပရော်ဖက်ရှင်နယ် ရိုက်ကူးမှုက မတူပါဘူး။ သင် selfie ပုံ ဘယ်လောက်ပဲရိုက်ရိုက် တကယ်တန်းပ ရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ တစ်ယောက်ရှေ့မှာ ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာ ရှက်တတ်တာက သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒီလိုရိုက်တဲ့အခါ စိတ် သက်တောင့် သက်သာဖြစ်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ရိုက်ထားတဲ့ပုံကောင်းတွေရဖို့ နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

သက်တောင့်သက်သာဖြစ်စေမယ့် ဓာတ်ပုံဆရာကို ရွေးပါ

ကင်မရာရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ ဓာတ်ပုံရိုက်ဖို့ကြုံလာတဲ့အခါ အရေးကြီးဆုံးအကြံပေးချင် တာကတော့ မှန်ကန်တဲ့ဓာတ်ပုံဆရာကို ရှာဖွေဖို့ပဲဖြစ်ပါတယ်။သင်ရွေးချယ်လိုက်တဲ့ လူက သင့်ရဲစိတ်ကို သက်တောင့် သက်သာဖြစ်စေတဲ့ လူတစ်ယောက်ဖြစ်ဖို့တော့ သေချာပါစေ။

အဝတ်အစားကိုသေချာရွေးချယ်ပါ

ဓာတ်ပုံဆရာနဲ့ဓာတ်ပုံရိုက်တဲ့အခါ ပေါ့ပေါ့ပါးအတွက်ဘဲဖြစ်ဖြစ် ပွဲတက်ဖို့အတွက်ဖြစ်ဖြစ် အဝတ်အစားရွေးချယ်တဲ့အခါ သေချာဂရုစိုက်ပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။ဆံပင်နဲ့ မိတ်ကပ်တွေ ပြင်ပြီး လှပတဲ့၀တ်စုံကို ရွေးချယ်ဖို့က အရေးကြီးသလို ရိုက်ကူးနေတဲ့အချိန် သင့်ကို စိတ်ကျဥ်းကျပ်စေတာ ၊စိတ်မသက်မသာဖြစ်စေတဲ့ အဝတ်အစားမျိုးကို မရွေးချယ်မိစေဖို့ကလည်း အရေးကြီးပါတယ်။

အရမ်းကြီးစိတ်မဖိစီးပါနဲ့

ကင်မရာရှေ့ရောက်ပြီဆိုတာနဲ့ အနည်းနဲ့အများတော့ စိတ်ဖိစီးတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးတဲ့ အချိန်မျိုးဆို သင့်ရဲ့မျက်နှာနဲ့ပခုံးနှစ်ဖက်ကို လျှော့ချထားပြီး သင့်ရဲ့လျှာကို အာခေါင်မှာ ကပ်ထားဖို့ အကြံပေးချင်ပါတယ်။ စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး ဓာတ်ပုံမရိုက်ခင်မှာ တတ်နိုင်သမျှမှတ်ဥာဏ်ထဲက ပျော်စရာလေးတွေ ပြန်တွေးလိုက်ပါ။

ရိုက်ချင်တဲ့ပုံစံလေးတွေ မှတ်ထားပါ

သင်လိုချင်တဲ့ pose ပုံစံလေးတွေ ကြိုတင်ရှာဖွေထားပါ။ သင်လိုချင်တဲ့ပုံစံလေးအတိုင်းရဖို့ လိုချင်တဲ့ပုံစံအနေအထားကို ဓာတ်ပုံဆရာကိုပြောပြဖို့ ဝန်မလေးပါနဲ့ ၊ မရှက်ပါနဲ့။ ဒါမှ သင့်ရဲ့ အမှတ်တရနေ့တွေ အတွက် တောက်ပပြီး ပြီးပြည့်စုံတဲ့ ဓာတ်ပုံလှလှလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။