သင်က ဆံပင်ပါးတဲ့သူဆိုရင် ဆံပင်ချရင် သိပ်ကြည့်မကောင်းတာကို သတိထားမိမှာပါ။ ဆံပင်က မျက်နှာပုံစံအပေါ် သက်ရောက်မှု အများကြီးရှိတာမို့ ဆံပင်လေးလှနေရင် အလှဆုံးဖြစ်ဖို့ ပန်းတိုင်က တစ်ဝက်နီးပါး အောင်မြင်သွားပါပြီ။ ဒီတော့ ဆံပင်ပါးပါးလေးကို ထူထူလေး ဖြစ်အောင် ဘယ်လိုလှည့်စားနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ဆီသုံးပါ

ဒါကတော့ လှည့်စားတဲ့ နည်းမဟုတ်ဘဲ ထိန်းသိမ်းနည်းပါ။ ဆံပင်ထူလာဖို့ သုံးနိုင်တဲ့ ဆီတွေကတော့- အုန်းဆီ၊ ကြက်ဆူဆီ တို့ ဖြစ်ပါတယ်။ ဆံပင်ထူလာဖို့ အုန်းဆီနဲ့ ကြက်ဆူဆီကို ဆတူ ရောကာ သင့်ဦးရေပြားပေါ် လိမ်းပြီး ခေါင်းမလျှော်ခင် နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီလို လိမ်းပြီးနောက် ၄၅ မိနစ်ဝန်းကျင် ထားကာ ခေါင်း ၂ ခါ လျှော်ပေးရပါမယ်။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ လုပ်မယ်ဆိုရင် ဆံပင် ထူလာတာကို သိသိသာသာ သတိထားမိလာပါလိမ့်မယ်။

၂။ အလွှာပုံစံ ညှပ်ပါ

ဆံပင်ကို အလွှာပုံစံ ညှပ်လိုက်တဲ့အခါ ဆံပင်ပိုထူသွားတယ် ထင်ရစေပါတယ်။ ဒီနည်းလမ်းကတော့ ဆံပင်အထူကို အမြန် ပိုင်ဆိုင်ချင်တဲ့ ပျိုမေတို့အတွက်ပါ။

၃။ Extension တပ်ပါ

ဆံပင်ထူတယ်ထင်ရစေဖို့ Extension တပ်တာကလည်း နည်းလမ်းကောင်းပါပဲ။ ဒါပေမဲ့ Extension နည်းလမ်းအချို့က ဆံပင်ကို ပိုပါးစေနိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ဆံပင်ပုံစံလှရမယ့် အခြေအနေမျိုးမှာမှ Extension ကို တပ်နိုင်ပါတယ်။

၄။ ခေါင်းဖြီးတာနဲ့ ဆံပင်အခြောက်ခံတာ

သင့်ခေါင်းဖြီးက ဆံပင်ကို သက်ရောက်မှု ရှိပါတယ်။ ဦးရေပြားအတွက် ကောင်းတဲ့ ခေါင်းဖြီးမျိုးက ဆံပင်ကို အကျိုးပြုကာ ထူလာစေပါတယ်။ ခေါင်းဖြီးတဲ့အခါလည်း ခေါင်းငုံ့ ဆံပင်ချပြီး ဖြီးသင့်ပါတယ်။ ဆံပင်လေမှုတ်တဲ့အခါမှာလည်း ဒီလိုပဲ ခေါင်းငုံ့ပြီး မှုတ်တာက ဆံပင်ထူတယ် ထင်ရစေပါတယ်။

၅။ ခေါင်းစည်းကြိုး

ဆံထုံးထုံးပြီးနောက် ဆံပင်ပြန်ချလိုက်တဲ့အခါ ပိုထူသွားတယ် ထင်ရစေပါတယ်။ အကြာကြီး ထုံးတာမျိုးမဟုတ်ဘဲ အချိန်အတန်ကြာ ထုံးပြိး ပြန်ဖြည်ချနိုင်ပါတယ်။ ဒီလိုဆိုရင် ဆံပင်ထူတဲ့ ပုံစံမျိုး မြင်ရပါလိမ့်မယ်။

၆။ ဆံပင်လေမှုတ်တဲ့အခါ

 

သင်က ဆံပင်ထူတယ်ထင်ရချင်ရင် ဆံပင်အခြောက်ခံလို့ Hair Dryer မှုတ်တဲ့အခါ လုပ်နိုင်တဲ့ လှည့်ကွက်တွေကို သိထားသင့်ပါတယ်။ ဖော်ပြပါ ဗီဒီယိုတွေက ဆံပင်ထူတဲ့ ပုံစံဖြစ်အောင် Hair Dryer ကို ဘယ်လို သုံးရမလဲ ရှင်းပြထားပါတယ်။

၇။ ယုံကြည်မှုရှိပါ

သင်က ဆံပင်ထူပါစေ၊ ပါးနေပါစေ ဒီဆံပင်က သင်ပိုင်တဲ့ အရာမို့ ဒါအတွက် ဂုဏ်ယူသင့်ပါတယ်။

Video Source: YouTube

Photo Source: Pinterest

By MyStyle Myanmar