အင်္ကျီတွေ၊ ဂါဝန်တွေ၊ ဘောင်းဘီတွေ အများကြီးရှိတာက ကောင်းပါတယ်။ ဒါပေမဲ့ ဘာဝတ်ရမှန်းမသိတာရယ်၊ ဘာနဲ့ဘာ တွဲဝတ်ရမှန်း မသိတာကတော့ မဟုတ်သေးပါဘူး။ မိန်းကလေးတိုင်း ကြုံဖူးကြပါတယ်။ အပြင်ထွက်ခါနီးဆို ဘီဒိုရှေ့ တစ်နာရီလောက်ရပ်ပြီးရွေး၊ ရွေးပြီး ဝတ်လိုက် ချွတ်လိုက် လုပ်ထားတဲ့ အဝတ်ပုံကြား နောက်ထပ်တစ်နာရီလောက် ပြန်ထိုင်၊ ပြန်ရွေးနဲ့ ပြင်ထားတဲ့ မိတ်ကပ်လေးတောင် ပျက်ချင်ချင်ရယ်ပါ။

Source: pearyms.org

ရွေးဝတ်လိုက်တဲ့ အဝတ်အစားက ကိုယ်သွားမယ့် နေရာဒေသနဲ့ မကိုက်ညီရင်လည်း မဟုတ်သေးပါဘူး။ ဒီပြဿနာတွေအားလုံးဟာ ကိုယ့်ဘီဒိုထဲမှာ ရှိနေမယ့်၊ ရှိနေတဲ့ အဝတ်အထည်တွေပေါ်မှာ ရာနှုန်းပြည့်မူတည်ပါတယ်။ ကဲ … ဒီလိုဆို ဘယ်လိုအဝတ်အစားတွေကို ဘီဒိုထဲဖြည့်ထားသင့်ပြီး ဘယ်လိုစိတ်ကူးမျိုးနဲ့ ဖြည့်ရမလဲဆိုတာကိုတော့ သိထားဖို့လိုမှာပေါ့နော်။ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ နည်းလေကောင်းလေ

Source: Style Me – Image Consultant

လူတော်တော်များများက ကိုယ့်မှာအဝတ်အစားများများရှိလေလေ ကောင်းလေလေလို့ ထင်တတ်ကြပါတယ်။ နိုးပါ။ အနက်ရောင် ဘောင်းဘီရှည် တစ်ထည်က ကျောင်းသွားလည်း အဆင်ပြေပါတယ်။ ရုံးသွားလည်း အိုခေပါသေးတယ်။ ဒီထက် ပါတီပွဲတို့ ဘာတို့ကိုလည်း စိတ်ပါရင် ဝတ်သွားလို့ ရပါသေးတယ်။ ဆိုလိုချင်တာက တွေ့သမျှလျှောက်ဝယ်ထားပြီး တစ်နေရာလောက်ပဲ ဝတ်လို့ရမယ့် အဝတ်အစားမျိုးဆို ရှောင်လိုက်ပါ။ ဘာနဲ့ပဲဖြစ်ဖြစ်တွဲဝတ်ရလွယ်ပြီး နေရာဒေသမရွေးဝတ်သွားလို့ရမယ့် အဝတ်အစားမျိုးကိုပဲ ဦးစားပေးဝယ်ဖြည့်ထားပါ။

၂။ မဝယ်ခင် အချိန်ယူဆုံးဖြတ်ပါ

Source: rd.com

အလုပ်အင်တာဗျူးသွားဖို့၊ ကောလိပ်ကျောင်း စတက်ဖို့ဆိုပြီး ဗီဒိုထဲ အသစ်ဝယ်ဖြည့်မယ့်အဝတ်အစားတွေကို တစ်ခါတည်း တသီတတန်းကြီး မဝယ်ပစ်ပါနဲ့။ အနီးကပ်မှလည်းမဝယ်ပါနဲ့။ သေချာရွေးပါ။ အပေါ်မှာ ပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီရဲ့လား သေချာပြန်စဉ်းစားပါ။ ဆိုင်မှာကြည့်တော့ အဆင်ပြေမလိုလိုနဲ့ တစ်ခါနှစ်ခါဝတ်ပြီး ချောင်ထိုးထားရတဲ့အဝတ်တွေဆိုတာ အများကြီးမဟုတ်လား။ စိတ်ထဲအဆင်ပြေပါ့မလားဆိုပြီး မတင်မကျဖြစ်နေရင် မဝယ်ပါနဲ့နော်။

၃။ စိတ်ခံစားချက်နဲ့ဝယ်ပါ

Source: Reader’s Digest Canada

ဒီအဝတ်ကို ဝတ်လိုက်တာနဲ့ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေတယ်။ ဒီအင်္ကျီလေးကို ဝတ်ထားလိုက်ရင်ကို ယုံကြည်မှုတွေ တိုးလာတယ်။ ငါ့အဝတ်လို့ လုံးဝခံစားရတယ်။ အပြည့်အဝခံစားရတယ်။ ဒီအင်္ကျီက ငါ့အပိုင်ပဲလို့ခံစားရပြီဆိုမှဝယ်ပါ။ ဖက်ရှင်ဆိုတာ ယုံကြည်မှုရဲ့ပြယုဂ်ပဲလေ။ ဗီဒိုထဲရှိလို့ လိမ့်ပတ်လည်အောင်ဝတ်နေရတယ်ဆိုတာမျိုးက အဆင်မပြေပါဘူး။ ငါ့ဘီဒိုထဲက ဘယ်အဝတ်ကိုဝတ်ဝတ် ယုံကြည်မှုရှိနေတယ်ဆိုတာမျိုး ဖြစ်ရအောင်မဝယ်ခင် ကိုယ့်စိတ်ကိုယ်သေချာ ဆန်းစစ်ပါ။

၄။ တံဆိပ်ကြည့် မဝယ်ပါနဲ့

Source: indiegirlblogs – WordPress.com

သိန်းဂဏန်းကပ်နေတဲ့ ဆွယ်တာတစ်ထည်ကို ဝယ်မိလို့ နှစ်လ၊ သုံးလလောက် ရှော့ပင်ဆိုဝေးဝေးရှောင်နေရတဲ့ အကွက်တွေက မဟုတ်သေးပါဘူး။ အသားလည်းကောင်းတယ်။ ဝယ်ရတာလည်း သက်တောင့်သက်သာရှိတယ်။ ဖက်ရှင်လည်းကျတယ်။ ပွဲလည်းတိုးတယ်။ နှစ်မျိုး၊ သုံးမျိုးလောက်နဲ့ လည်း လှယ်ဝတ်လို့ရတယ်ဆို တော်ပြီပေါ့။ တံဆိပ်တွေဘာတွေ သိပ်ကြည့်မနေပါနဲ့။

၅။ မကြာခဏ ဝတ်လို့အဆင်ပြေတာမျိုးကို ဝယ်ပါ

အပ်ကြောင်းတွေလည်း ထပ်နေပါပြီ။ အမဲရောင်ရှူးဖိနပ်တစ်ရံက ဘယ်အင်္ကျီနဲ့မဆို လိုက်ဖက်ညီမှုရှိသလိုပဲ အင်္ကျီ၊ ဘောင်းဘီ၊ စကပ် စတာတွေ ကိုလည်း အလျင်သင့်သလို လှယ်ဝတ်နိုင်ဖို့လိုပါတယ်။ ဥပမာ သင်တန်းချိန်ဝတ်ထားတဲ့ ဂျင်းနက်နဲ့ တီရှပ်ကို ဆွယ်တာလေးအပေါ်က ထပ်ဝတ်လိုက်ရုံနဲ့ ကိုယ့်ရဲ့ အထက်လူကြီးနဲ့တွေ့တဲ့အခါ ပိုပြီး ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးသွားနိုင် သလိုမျိုးပေါ့။

ကဲ … ဒီလောက်ဆို ဘယ်လိုဈေးဝယ်ထွက် သင့်တယ်ဆိုတဲ့ နည်းလမ်းလေးတွေနဲ့ ဘယ်လိုအဝတ်အစားတွေကို ကိုယ့်အဝတ် ဗီဒိုထဲ ဖြည့်ထားသင့်တယ် ဆိုတာ သိပြီးလောက်ပြီ ထင်ပါတယ်။ နောက်ထပ် အပြင်ထွက်ခါနီးတိုင်း ဘီဒိုရှေ့ငုတ်တုတ်ထိုင်ရတဲ့ ဒုက္ခကနေလည်း ကင်းဝေးပါစေလို့ စာရေးသူက ဆုတောင်းပေးလိုက်ပါတယ်နော်။